ပွင့်ဖြူမြို့နယ်တွင် ဒုတိယအသုတ် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် လာရောက်ထိုးနှံသူ  ယနေ့အထိ ၉၁၈၅ ဦး ရှိပြီဖြစ်

ပွင့်ဖြူ    အောက်တိုဘာ ၁

 

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသူများကို ဒုတိယအသုတ် ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပေးခြင်းကို စက်တင်ဘာ ၁၆ ရက်နေ့မှ စတင်ကာ ဆေးထိုးစုရပ်(၄)နေရာခွဲ၍ ဦးစားပေး အုပ်စုအလိုက် ကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ စက်တင်ဘာ ၃၀ ရက် ၊ ယနေ့အထိ ကာကွယ်ဆေးလာရောက် ထိုးနှံသူဦးရေ ၉၁၈၅ ဦး ရှိပြီဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။

 

အဆိုပါ ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဆေးထိုးစုရပ် (၄)နေရာဖြစ်သည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမ ၊ လယ်ကိုင်းကျေးရွာ(အ.ထ.က) ကျောင်း ၊ ကုန်းဇောင်းကျေးရွာ(အ.ထ.က)ကျောင်း၊ မဲဇလီကျေးရွာ(အ.ထ.က)ကျောင်းတို့တွင် ကျန်းမာရေးဝန်ထမ်းများက သတ်မှတ် စည်းကမ်းချက်များနှင့် အညီ စနစ်တကျ ထိုးနှံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပြီး ယနေ့ ဆေးထိုးစုရပ် (၄)နေရာတွင် ကာကွယ် ဆေးလာရောက်ထိုးနှံသူ ၃၁၀ ဦး ရှိကြောင်း သိရသည်။  ဆေးထိုးစုရပ်များသို့ ကာကွယ်ဆေး လာရောက် ထိုးနှံသူများ စိတ်အေးချမ်းသာစွာ ထိုးနှံနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင် ၏ အနီးကပ်ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်း(Volunteer)အဖွဲ့ဝင်များက လိုအပ်သည်များကို ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

ပွင့်ဖြူမြို့နယ်တွင် ပြည်သူများ ကိုဗစ် - ၁၉ ရောဂါအန္တရာယ်ကင်းဝေးစေရန်နှင့် ကူးစက်ပျံ့ပွားမှု လျော့နည်း ပပျောက်စေရေးအတွက်  ကာကွယ်ဆေးမထိုးနှံရသေးသူများအား ဦးစားပေးအုပ်စုအလိုက် ကာကွယ်ဆေး စနစ်တကျ ထိုးနှံပေးလျက်ရှိပြီး ဆေးထိုးရန်ကျန်ရှိသည့် ပြည်သူများကိုလည်း သက်ဆိုင်ရာဆေးထိုးစုရပ်များအလိုက် မပျက်မကွက် ကာကွယ်ဆေး သွားရောက်ထိုးနှံနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက အသံချဲ့စက်ဖြင့် နေ့စဉ် အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထိုသို့ ပြည်သူများအား ကာကွယ်ဆေး ထိုးနှံပေး လျက်ရှိရာ စက်တင်ဘာ (၁၆)ရက်နေ့မှ ယနေ့အထိ  ဒုတိယအသုတ် ပထမအကြိမ် ကာကွယ်ဆေးလာရောက် ထိုးနှံသူဦးရေ စုစုပေါင်း ၉၁၈၅ ဦး ရှိပြီဖြစ်ကြောင်း  ပွင့်ဖြူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင် ထံမှ သိရသည်။  

 

ရဲဝင်းနိုင် ( ညောင်ဦး )