ပွင့်ဖြူမြို့နယ်တွင်  ကြီးအုံကြီးဝတမံ ရေပိုလွှဲမှ ရေကျော်ကျမှု တစ်ဖြည်းဖြည်းလျော့နည်းကျဆင်းလာ

ပွင့်ဖြူ     စက်တင်ဘာ      ၃၀

 

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် မိုးအဆက်မပြတ် ရွာသွန်းခဲ့မှုကြောင့် ကြီးအုံကြီးဝတမံတွင် မိုးရေဝင်ရောက်မှုများ တိုးလာပြီး တမံရေပိုလွှဲမှ (၈)ပေကျော်အထိ ရေကျော်ကျမှုရှိခဲ့ရာမှ  စက်တင်ဘာ ၃၀ ရက် ၊ ယနေ့ နံနက် ၆ နာရီအချိန် တိုင်းထွာရာတွင် တမံရေပိုလွှဲမှ (၆ ဒသမ ၄)ပေခန့်သာ  ရေကျော်ကျမှုရှိသဖြင့် တမံရေပိုလွှဲမှ ရေကျော်ကျမှု တစ်ဖြည်းဖြည်းလျော့နည်းကျဆင်းလာပြီဖြစ်ကြောင်း အဆိုပါ ကြီးအုံကြီးဝ တမံမှ တာဝန်ခံ(AE) ဦးစိုးတင့် ထံက သိရသည်။ 

 

ပွင့်ဖြူမြို့နယ် ကြီးအုံကြီးဝတမံသည်  စက်တင်ဘာ ၂၃ ရက် ညနေပိုင်းမှစတင်ကာ စတင်ဘာ ၂၈ ရက်နေ့အထိ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တမံအတွင်း မိုးရေဝင်ရောက်မှုများရှိခဲ့ပြီး တမံရေပြည့်မှတ်အထက် ရေပိုလွှဲမှ (၈)ပေကျော်အထိ ရေပိုလွှဲမှ ရေကျော်ကျခဲ့ပြီး ယခုအခါ မိုးရွာသွန်းမှုရပ်တန့်သွားပြီဖြစ်၍ တမံရေပိုလွှဲမှ ရေကျော်ကျမှု လျော့နည်းကျဆင်းလာခဲ့ကြောင်း သိရသည်။  ယနေ့ နံနက် ၆ နာရီအချိန် တိုင်းထွာရာတွင် တမံရေပြည့်မှတ်ဖြစ်သည့် ၃၄၀ ပေ အထက်  (၆ ဒသမ ၄) ပေခန့်သာ ရေကျော်ကျမှု  ရှိတော့ကြောင်းနှင့် အဆိုပါ တမံရေပိုလွှဲမှ ရေကျော်မှုမှာ တမံအောက်ဘက်ရှိ ဒေသခံပြည်သူများအတွက် စိုးရိမ်ဖွယ်ရာအခြေအနေ မရှိကြောင်း  ကြီးအုံကြီးဝတမံမှ တာဝန်ခံ (AE) ဦးစိုးတင့် က ပြောသည်။    

 

   ရဲဝင်းနိုင် ( ညောင်ဦး )