လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး မြန်မာနှင့်ပိုးကရင်ဘာသာ နှစ်ဘာသာဖြင့် အသိ ပညာပေးနှိုးဆော်

လှိုင်းဘွဲ အောက်တိုဘာလ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊  လှိုင်းဘွဲမြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးနှင့် ကြိုတင် ကာကွယ်ရမည့် နည်းလမ်းများကို သိရှိနိုင်ရန်အတွက် မြန်မာဘာသာနှင့် ပိုးကရင်ဘာသာဖြင့် အသိပညာပေး လိုက်လံနှိုးဆော်ခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

ထိုသို့ အသိပညာပေးနှိုးဆော်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ နှင့် မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနဝန်ထမ်းများက ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ် ရေး လိုက်နာရမည့်နည်းလမ်းများ သိရှိနိုင်စေရန်အတွက် မိမိနေအိမ်များတွင်သာ နေထိုင်ကြရန်၊ အရေးကြီးကိစ္စ ကြောင့် ပြင်ပသို့ထွက်ခွာပါက နှာခေါင်းစည်းကို စနစ်တကျတပ်ဆင် သွားလာကြရန်၊ ပြင်ပမှလာသော ဧည့်သည်များ အား လက်မခံပါရန်၊ နှာခေါင်းစည်းမတပ်သူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းမှရှောင်ကြဉ်ရန်၊ လူစုလူဝေးပြုလုပ်ခြင်းနှင့် သွားလာခြင်းများကို ရှောင်ကြဉ်ရန်၊ တစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာနှင့် စက္ကန့် ၂၀ ကြာအောင် စနစ်တကျ ဆေးရန်နှင့် မိမိတို့၌ ရောဂါပိုးကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသခံယူရန် ဆောင်ရန်/ရှောင်ရန် အချက်များအား ကျေးရွာများ အရောက် မြန်မာဘာသာ၊ ပိုးကရင်ဘာသာဖြင့် အသိပညာပေး လိုက်လံနိုးဆော်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)