ကမမောင်းမြို့အတွင်းရှိရပ်ကွက်များ၌ကိုဗစ်-၁၉ရောဂါကာကွယ်ရေး စကောကရင်၊မြန်မာဘာသာတို့ဖြင့်အသိပညာပေး နှိုးဆော်မှုများဆောင်ရွက်

ကမမောင်း   အောက်တိုဘာ   ၁

 

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ကမမောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှုများနှင့် လူသေဆုံးမှုများရှိလာသဖြင့် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် မြန်မာဘာသာအပြင် စကောကရင်ဘာသာ​ဖြင့်ပါအသိပညာပေးနှိုးဆော်မှုများအား လက်ကိုင်စပီကာအသံချဲ့စက်ဖြင့် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၉ နာရီခွဲအချိန်ကမြို့အတွင်းရှိ ရပ်ကွက်များ၌ လှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရသည်။

အဆိုပါ လှည့်လည်အသိပညာပေးနှိုးဆော်ဆောင်ရွက်ရာတွင် ပြည်သူများ အနေဖြင့် တတ်နိုင်သမျှ လက်ရှိအခြေအနေတွင်အရေးအကြီးဆုံးအချက်မှာ အတတ်နိုင်ဆုံး မဖြစ်မနေ အိမ်တွင်း၌သာ နေထိုင်ကြရန် သို့မှသာ ရောဂါ ကွင်းဆက်ပြတ်တောက်ပြီး ကူးစက်မှုကို ထိထိရောက်ရောက် ကာကွယ်နိုင်မည် ဖြစ်ကြောင်း၊မဖြစ်မနေ အိမ်ပြင်ပ သို့ထွက်ခွာမည်ဆိုပါက သက်ဆိုင်ရာရပ်ကွက်များ၏ နေအိမ်ပြင်ပထွက်ခွာသည့် လက်မှတ်ဖြင့် တစ်အိမ်ထောင်လျှင် မိသားစုဝင်တစ်ဦးသာသွားလာကြရန်၊ မိမိတို့အိမ် တွင် ပြင်ပမှလာသော ဧည့်သည်များကိုလက်မခံကြရန်နှင့် ထို့အတူ မိမိတို့ကလည်း အခြားသူများထံ သွားရောက်ခြင်းမပြုကြရန်၊ မဖြစ်မနေ အရေးကြီးကိစ္စကြောင့် အပြင်ထွက်ရပါက ပါးစပ်နှင့် နှာခေါင်းစည်း (Mask)ကို စနစ်တကျ တပ်ဆင်ကြပါရန်၊ အခြားသူများနှင့် အနည်းဆုံး (၆)ပေအကွာမှ ခပ်ခွာခွာနေထိုင်ကြပါရန် (Mask)မတပ် သူများနှင့် တွေ့ဆုံခြင်း စကားပြောခြင်း၊ ဈေးဝယ်ခြင်းများမှ ရှောင်ကြဉ်ကြပါရန်၊ လူစုလူဝေးပြုလုပ်ခြင်း၊ သွားလာခြင်းကို ရှောင်ကြပါ၊ တစ်ခုခု ကို ကိုင်တွယ်ပြီးတိုင်း ထိတွေ့ပြီး တိုင်း လက်ကိုဆပ်ပြာဖြင့် အနည်းဆုံး စက္ကန့် ၂၀ ကြာအောင် စနစ်တကျ ဆေးပါ၊ လက်ကိုမကြာခဏဆေးကြောကြပါရန်၊အပြင်ထွက်ရာမှပြန်လာတိုင်း ဖြစ်စေ အများတကာနှင့် တွေ့ဆုံပြီးတိုင်းဖြစ်စေ ပါးစပ်နှင့် နှာခေါင်းစည်း (Mask)များကို အိမ်အပြင်တွင် စွန့်ပစ်ပါ၊ အပြင်က ပြန်လာပြီးတိုင်း အဝတ်အစားမလဲမီ ကိုယ်လက် သန့် စင်ခြင်းမပြုလုပ်ရသေးမီ အိမ်သားများနှင့် အနီးကပ်မထိတွေ့ကြပါရန်နှင့် သက်ကြီးရွယ်အိုများနှင့် ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါ အခံရှိသူများ ရောဂါကူးစက် ခံရပါက ဝေဒနာပြင်းထန်စွာ ခံစားရပြီအသက်အန္တရာယ် ထိခိုက်နိုင်ပါကြောင်း၊ အကယ်၍ မိမိတို့၌ ရောဂါ ပိုးကူးစက်ခံရသည်ဟု သံသယရှိပါကအိမ်တွင် ကြိတ်ပြီး ဆေးကုသမှုမျိုးမပြုလုပ်ရန်၊နီးစပ်ရာကျန်းမာရေးဌာနသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှုခံယူကြပါရန်၊ ကိုဗစ်ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုကို အမြန် ကာကွယ် တားဆီးထိန်းချုပ်နိုင်ရေးအတွက် ရောဂါကာကွယ်ရေးလုပ်ငန်းများကို မိဘပြည်သူများ အနေဖြင့်ကိုယ်စီ လိုက်နာကြပြီး ပူးပေါင်းပါဝင် ဆောင်ရွက်ကြပါရန် တိုက်တွန်း နှိုးဆော်ခဲ့ကြသည်။

ထို့သို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေးလှည့်လည်နှိုးဆော်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ဝန်ထမ်းများကဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

လင်းသန့်(ပြန်/ဆက်)