လက်ပံတန်း အောက်တိုဘာ ၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဆောင်းသီးနှံ စိုက်ပျိုးရာသီတွင် ပဲမျိုးစုံ စိုက်ဧကများအတွင်း နေကြာသီးညှပ် စိုက်ပျိုးနိုင်ရန် တောင်သူများအား နေကြာမျိုးစေ့များ ပေးအပ်ပွဲကို ချမ်းသာကုန်းစိုက်ပျိုးရေးဆိုင်ရာ လူထုအခြေပြု တောင်သူပညာပေးစခန်းတွင် ယမန်နေ့၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ လက်ပံတန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းလှိုင်က အဖွင့်အမှာစကား ပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဉာဏ်မြင့်က လက်ပံတန်းမြို့နယ် အတွင်းရှိ ကျေးရွာအုပ်စု ၂၀တွင် ဆောင်းသီးနှံ စိုက်ပျိုးရာသီတွင် ပဲမျိုးစုံကြား နေကြာသီးညှပ် စိုက်ပျိုးပုံများအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တာဝန်ရှိသူများက ကျေးရွာအုပ်စု ၂၀အုပ်စုတွင် ဆောင်းသီးနှံစိုက်ပျိုးကြမည့် တောင်သူများအား ဆင်းရွှေကြာ-၂၊ နေကြာမျိုးစေ့များအား ပေးအပ်ခဲ့ကြသည်။ လက်ပံတန်း မြို့နယ်တွင် ဆောင်းသီးနှံပဲမျိုးစုံစိုက်ဧကများတွင် နေကြာသီးညှပ်ဧက (၂၀၀) စိုက်ပျိုးသွားရန်အတွက် တစ်ဧကနှစ်ပြည်နှုန်းဖြင့် တောင်သူ(၈၀)ဦးအား ဆင်းရွှေကြာ-၂၊ နေကြာမျိုးစေ့ (၄၀၀)ပြည်အား အခမဲ့ ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိသည်။
ဝင့်နန္ဒာဌေး