ငပုတော စက်တင်ဘာ ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်အတွင်းရှိ ၂၀၂၁ ခုနှစ်၊ မိုးစပါးမျိုးစေ့ထုတ် တောင်သူများအား စိုက်ပျိုးရေးဦးစီးဌာနက ဓာတ်မြေဩဇာထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့နံနက်ပိုင်းက သက္ကယ်ချောင်း စံပြကျေးရွာ၌ပြုလုပ်ခဲ့သည်။
ဓာတ်မြေဩဇာပေးအပ်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူက အမှာပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိန်သန်းက မိုးစပါးမျိုးစေ့ထုတ် တောင်သူများအတွက် ဓာတ်မြေဩဇာ ထောက်ပံ့ပေးအပ်ရသည့် အကြောင်းအရင်းများကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ငပုတောမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၁၃ အုပ်စုမှ မိုးစပါးမျိုးစေ့ထုတ် တောင်သူ ၃၆ ဦး၏ လယ် ဧက ၁၁၁ ဧကအတွက် ဓာတ်မြေဩဇာများအား တောင်သူများထံသို့ ပေးအပ်ခဲ့ကြောင်းသိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)