ဘားအံ စက်တင်ဘာ ၃၀
ကရင်ပြည်နယ် ဘားအံခရိုင် ဘားအံမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ခရိုင် ၊ မြို့နယ် ဦးစီးမှူးရုံးမှ ယမန်နေ့ နံနက်ပိုင်းက ကော့ကဒါကျေးရွာအုပ်စု ဓမ္မာရုံ၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိ ရသည်။
ထို့သို့ဆောင်ရွက်ပေးရာတွင် ဘားအံခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး ဦးမင်းနောင်က နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသည့် အသက်(၁၈) နှစ်ပြည့်ပြီး သူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက် ပေးနေမှုများကို ကြည့်ရှုအားပေး၍ နိုင်ငံသားအခွင့်အရေး မဆုံးရှုံးစေဖို့ ပြည်သူများက ပူးပေါင်းပါဝင်စို့ဟူသော ဆောင်ပုဒ်နှင့်အညီ ဒေသခံတိုင်းရင်းသား ပြည်သူများနှင့် ဥပဒေအရ နိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စု လူဦးရေနှင့် ကိုင်ဆောင် သင့်သော ကတ်တစ်မျိုးမျိုး ရရှိစေရေးအတွက် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားအရေးကြီးပုံများကို ရှင်းလင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ဘားအံခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ခရိုင်ဦးစီးမှူး နှင့် တာဝန်ရှိ သူများက နိုင်ငံသားစိစစ်ရေးကတ်ပြား အသစ်ပြုလုပ်သူ ဒေသခံပြည်သူ (၁၉၇)ဦးအား နိုင်ငံသားစိစစ်ရေး ကတ်ပြား များ ပြုလုပ်ပေးပြီး လက်ဝယ်အရောက် ပေးအပ်ခဲ့ပြီးနောက် သာမညကျေးရွာအုပ်စု အတွင်းရှိ ဒေသခံပြည်သူများ အားပန်းခင်းစီမံချက် ဆောင်ရွက် ပေးနိုင်ရေး အတွက် တာဝန်ရှိသူများနှင့် လိုအပ်ချက်များ ကြိုတင် ညှိနှိုင်း ဆောင် ရွက်ခဲ့ကြောင်း သိရှိရသည်။
ခရိုင် ( ပြန်/ဆက် )