ကျောက်ကြီးမြို့နယ်တွင် သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်

ကျောက်ကြီး သြဂုတ် ၁၇

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်တွင် သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက် ပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ကျေးလက်နေ ဒေသခံတိုင်းရင်းသား ပြည်သူများအား နိုင်ငံသား စိစစ်ရေး ကတ်ပြားများရရှိရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို သြဂုတ်လ(၁၀)ရက်နေ့မှစ၍ မိမိတို့ဌာန၏ သစ္စာစီမံချက်ဖြင့် လူမှုကူညီရေး အသင်း(NRC)အဖွဲ့နှင့် ပူးပေါင်းကာအများသူငါ ရုံးပိတ်ရက်များ မကျန် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ဒေသခံတိုင်းရင်းသားပြည်သူများကိုလွယ်လွယ်ကူကူနှင့် အချိန်ကုန် သက်သာစေရန် ရည်ရွယ်၍ ဆောင်ရွက်ပေးရခြင်း ဖြစ်ပြီး ကွင်းဆင်းဆောင်ရွက်ရာတွင် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးညီဇော်ဌေး ဦးဆောင်၍ ဌာနရုံး ဝန်ထမ်းများနှင့်အတူ ကျောက်ကြီးမြို့နယ် အတွင်းရှိ တပ်ကုန်းကျေးရွာအုပ်စု၊ မြောင်းရိုးကြီးကျေးရွာအုပ်စုနှင့် ညောင်ပင်သာ ကျေးရွာ အုပ်စုအတွင်းရှိ နိုင်ငံသားစိစစ်ရေး ကတ်ပြားမရှိသူများ၊ ပျောက်ဆုံး ပျက်စီးသူများစာရင်း ကောက်ယူခြင်း၊ စစ်ဆေးဆောင်ရွက်ပေးခြင်း၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားမရှိသူ ကျား(၁၈၈)နှင့်မ(၃၇၇)ဦး စုစုပေါင်း (၅၆၅)ဦးအား ဆောင်ရွက်ပြုလုပ်ပေးခဲ့ကြောင်းသိရသည်။        

K ခိုင် ပြန်/ဆက်