ဖျာပုံ သြဂုတ် ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့ပြည်သူ့ ဆေးရုံကြီးတွင် ဆေးရုံတက်ရောက်၍ ဆေးကုသမှု ခံယူနေကြသော လူနာများ အသုံးပြုရန်အတွက်၊ အသက်ရှူစက်နှင့် ဆေးရုံသုံးပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းအခမ်းအနားကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်က ဖျာပုံမြို့ ပြည်သူ့ဆေးရုံကြီး အစည်းအဝေး ခန်းမ၌ ပြုလုပ်သည်။
အခမ်းအနားတွင် ဖျာပုံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူးဦးအေးလွင်က ဆေးရုံသုံးပစ္စည်းများ လှူဒါန်းခြင်းအတွက် ဝမ်းမြောက်ဂုဏ်ပြုစကား ပြောကြားပြီး၊ ရန်ကုန်မြို့နေ အလှူရှင်ဦးစိုးလှိုင်က ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း လူနာများအတွက် လိုအပ်မည့် အသက်ရှူစက်နှင့် ဆေးရုံသုံးပစ္စည်းများ လှူဒါန်းရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။ ထို့နောက် ဖျာပုံပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဇင်မာစိုးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။
ဆက်လက်၍ အလှူရှင်ဦးစိုးလှိုင်+ဇနီးဒေါ်စန်းစန်းဝင်း (ပြည့်ဝလုပ်ငန်းစု)က (၁၄၇)သိန်းတန်ဖိုးရှိ အသက်ရှူစက် (၁)လုံးအား ပေးအပ်လှူဒါန်းရာ ဆေးရုံအုပ်ကြီး ဒေါက်တာဇင်မာစိုးက လက်ခံရယူပြီး၊ ရန်ကုန်မြို့နေ ဖျာပုံမြို့သား အလှူရှင် ဦးဝင်းသိန်း+ ဇနီးဒေါ်ညွန့်ညွန့်ထွေး (ဇီဇဝါကုမ္ပဏီ)မှ ဆေးရုံသုံးပစ္စည်းများ၊ ရန်ကုန်မြို့ ရွှေတိဂုံစေတီတော် လမ်းလျှောက်အဖွဲ့မှ ကွန်ပျူတာတစ်စုံနှင့် ငွေကျပ်(၁၅)သိန်း၊ ဗိုလ်မှူးကြီးကျော်ဝင်း(ငြိမ်း)+ဒေါ်အေးအေးကြည် မိသားစုမှ PATIENT MONITOR စက်(၁)လုံး၊ သီဟသုဓမ္မသိင်္ဂီ ဒေါ်အေးအေးသက်မှ ခွဲစိတ်ခန်းသုံးရန် လိုအပ်သော Aircon(၁)လုံး၊ ဦးသော်ဇင်+ဇနီးဒေါက်တာဖြူဖြူအေး၊ ဦးရွှေလင်း+ ဇနီးဒေါ်စန်းစန်းအေး မိသားစုတို့က (၄)သိန်း(၂)သောင်း တန်ဖိုးရှိ Aircon(၂)လုံးတို့အား အသီးသီး ပေးအပ်လှူဒါန်းကြရာ သက်ဆိုင်ရာ ဖျာပုံဆေးရုံကြီးမှ တာဝန်ရှိသူများက လက်ခံရယူ ကြကြောင်း သိရသည်။
အောင်ဝင်းနိုင်(ခရိုင်ပြန်/ဆက်)