ဟားခါး စက်တင်ဘာ ၂၉
ချင်းပြည်နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက ဟားခါးမြို့ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ချင်းပြည်နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ၊ ပြည်နယ်ဝန်ကြီး ချုပ် ဦးငွန်ဆန်းအောင်က ဟားခါးမြို့နယ်မှအပ အခြားမြို့များတွင် ကိုဗစ်−၁၉ ပိုးကူးစက်မှု လျော့နည်းကျဆင်းလာ သည်ကို တွေ့ရှိရကြောင်း ၊ ကိုဗစ်−၁၉ ရောဂါထိန်းချုပ်ရေးနှင့် ရောဂါကျဆင်းလာစေရန်အတွက် ပြည်သူတစ်ဦးချင်း၏ ပူးပေါင်းပါဝင် ဆောင်ရွက်မှုအထူးလိုအပ်ကြောင်း ၊ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးမှုနှင့် ပတ်သက်၍ သတ်မှတ်ဦးစားပေးအုပ်စုအလိုက် ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံပေးနိုင်ရေး ကြီးကြပ်ဆောင်ရွက်ရန်လိုကြောင်း ၊ ဆေးရုံများတွင် ကိုဗစ်−၁၉ ရောဂါကာကွယ်ရေးပစ္စည်း ၊ ဆေးပစ္စည်းများ ပြတ်လပ်မှုမရှိစေရေး စီမံဆောင်ရွက်ရန် လိုကြောင်း၊ ဆေးရုံများအတွက် လိုအပ်ချက်များရှိပါက အချိန်နှင့်တစ်ပြေးညီ တင်ပြကြရန် အမှာစကားပြောကြားသည်။
ထို့နောက် အစည်းအဝေးတက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကိုဗစ်−၁၉ ကာကွယ်၊ ထိန်းချုပ် ၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေ၊ ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပြီးစီးမှုနှင့် ဆက်လက်ထိုးနှံပေးရန် စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေ၊ အောက်ဆီဂျင်ရရှိ သုံးစွဲမှုအခြေအနေ ၊ Quarantine Centre များရှိ စောင့်ကြည့် လူနာများအခြေအနေ ၊ လိုအပ်ချက်များနှင့် Mask Campaign များ ဆက်လက်ဆောင်ရွက် မည့်အစီအစဉ်များကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ဆွေးနွေးတင်ပြချက်များအပေါ် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင် ၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်း ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်း၊ ပြည်နယ်အစိုးရ အဖွဲ့အတွင်းရေးမှူး ဦးမောင်မောင်ဆန်းတို့က ကိုဗစ်−၁၉ ရောဂါပိုးတွေ့ရှိမှု လျော့နည်းကျဆင်းလာသည့် မြို့နယ်များအား Stay at Home မြို့နယ်အဖြစ်မှ ပယ်ဖျက်နိုင်ရေး ၊ ကိုဗစ်−၁၉ ရန်ပုံငွေရရှိ ၊ သုံးစွဲမှုနှင့် ပတ်သက်၍ အကြံပြုဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အနောက်မြောက် တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်တို့ကပေါင်းစပ် ညှိနှိုင်းပေးကာ ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
မောင်တက်လမ်း