ပွင့်ဖြူမြို့ အရှေ့ပိုင်းရပ်ကွက်ရှိ ဒေသခံပြည်သူများအား ပန်းခင်းစီမံချက်စံဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်း နေ့ချင်းပြီး အခမဲ့ဆောင်ရွက်ပေး

ပွင့်ဖြူ   စက်တင်ဘာ   ၂

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ပန်းခင်း စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်း ကွင်းဆင်း ဆောင်ရွက်ပေးခြင်းကို   ယနေ့ နံနက် ၉ နာရီခွဲက ပွင့်ဖြူမြို့‌အရှေ့ပိုင်း ရပ်ကွက်သို့ သွားရောက်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်လိုသူများကို နေ့ချင်းပြီး အခမဲ့ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ ကြောင်း သိသည်။

ပွင့်ဖြူမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနအနေဖြင့် “လူမှုဘဝ ပြည့်စုံဘို့ နိုင်ငံသားကတ်ကို ကိုင်ကြစို့” ဟူသော ဆောင်ပုဒ်နှင့် အညီ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများကို ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း အခမဲ့ဝန်ဆောင်မှုပေးခြင်းကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိသော ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ရုံးပိတ်ရက်မရှိ နေ့စဉ်ပြုလုပ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် မြို့နယ်ရုံးသို့ သွားလာရေးအခက်အခဲရှိသော သက်ကြီးဘိုးဘွားများ၊ မသန်စွမ်းသူများနှင့် အကြောင်းအမျိုးမျိုးကြောင့် လာရောက်ရန် အခက်အခဲရှိသူများကို ရပ်ကွက်၊ ကျေးရွာများ အရောက် ကွင်းဆင်းသွားရောက်၍ လိုအပ်သော အထောက်အထားများ စိစစ်ကာ စနစ်တကျ ပြုလုပ် ဆောင်ရွက်ပေးနေကြောင်း ပွင့်ဖြူမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးညွန့်ဝင်းထူးထံမှ သိရသည်။

ယနေ့ နံနက်ပိုင်းက မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများအဖွဲ့က ပွင့်ဖြူမြို့၊ အရှေ့ပိုင်းရပ်ကွက်ရှိ ဒေသခံ ပြည်သူများကို ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်း ပြုလုပ် ဆောင်ရွက်ပေးခြင်း၊ အိမ်ထောင်စု လူဦးရေစာရင်းတွင် ကလေးမွေးတိုးစာရင်း ဖြည့်စွက်ရေးသွင်းပေးခြင်း၊ အသေစာရင်း ပယ်ဖျက်ပေးခြင်းများကို နေ့ချင်းပြီးအခမဲ့ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။  

ရဲဝင်းနိုင်