နတ်မောက် စက်တင်ဘာ ၂၉
မကွေးတိုင်ဒေသကြီး နတ်မောက်မြို့နယ်တွင် စက်တင်ဘာလအတွင်း မိုးဆက်တိုက် ရွာသွန်းမှုကြောင့် နတ်မောက်ဆည် ရေလှောင်တမံတွင် မိုးရေဝင်ရောက်မှု တိုးလာသဖြင့် ယနေ့နံနက် ၆ နာရီတိုင်းထွာချက်အရ ရေပိုလွဲမှ(၁.၃)ပေ ရေကျော်လျက်ရှိကြောင်း အဆိုပါ နတ်မောက်ဆည် ရေလှောင်တမံမှ တာဝန်ခံ (AE) ထံမှ သိရသည်။
နတ်မောက်မြို့နယ်ရှိ နတ်မောက်ရေလှောင်တမံသည် စက်တင်ဘာလ(၂၈)ရက်နေ့က တမံရေပြည့်အမှတ် ၆၈၃ ပေ၊ ရေပြည့်အမှတ် ၆၈၄.၆ ပေရှိပြီး (၁.၆) ရေပိုလွှဲမှ ရေကျော်ကျ လျက်ရှိပြီး ယနေ့နံနက် ၆ နာရီ တိုင်းထွာချက်အရ ရေပြည့်အမှတ် ၆၈၄.၃ ပေရှိပြီး (၁.၃)ပေ ရေပိုလွှဲမှ ရေကျော်ကျ လျက်ရှိကြောင်း သိရသည်။
“ကျွန်တော်တို့ နတ်မောက်မြို့နယ်မှာ စက်တင်ဘာလအတွင်းမိုးရွာသွန်းမှုများတာကြောင့် ရေပိုလွှဲမှ ရေကျော်ကျလျက်ရှိသော်လည်း ဒီရက်ပိုင်းမှာ မိုးရွာသွန်းမှုရပ်တန့်သွားတာကြာင့် (၀.၃)ပေ လျော့ကျသွားပါပြီ၊ တမံအောက်ဘက်ရှိ ဒေသခံပြည်သူများအတွက် စိုးရိမ်ဖွယ် မရှိပါဘူး၊ မျက်မြင်စစ်ဆေးမှု အခြေအနေများအရ တမံနှင့်တမံဆက်စပ်ရေအား အဆောက်အအုံများအားလုံး ကြံ့ခိုင်ကောင်းမွန်ပြီး စိုးရိမ်ဖွယ်မရှိပါဘူး၊ ကျွန်တော်တို့ ဝန်ထမ်းများကလည်း တမံအတွင်းရေဝင်ရောက်မှု အခြေအနေနဲ့ တမံရေပိုလွှဲမှ ရေကျော်ကျမှု အခြေအနေတွေကို ဒေသခံပြည်သူတွေသိရှိအောင် အချိန်နဲ့တပြေးညီ အသိပေးနှိုးဆော် ဆောင်ရွက်ထားပါတယ် ဟု ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ တာဝန်ခံ AE ဦးထိန်လင်းထံမှ သိရသည်။
သင်းသင်းမြတ်