မြိုင်မြို့တွင် ပရဟိတအသင်းအဖွဲ့များ မှတ်ပုံတင်ရေးနှင့် သက်တမ်းတိုးရေးကိစ္စ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်

မြိုင် စက်တင်ဘာ ၂၉

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ် ပရဟိတအသင်းအဖွဲ့များ မှတ်ပုံတင်ရေးနှင့် သက်တမ်းတိုးရေးကိစ္စ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသန်းထိုက်က မြိုင်မြို့ပေါ်ရှိ ရပ်ကွက်များမှ ပရဟိတ အသင်းအဖွဲ့များနှင့် ကျေးရွာအုပ်စု၊ ကျေးရွာများရှိ ပရဟိတအသင်းအဖွဲ့များ မှတ်ပုံတင်ထားခြင်းမရှိပါက မှတ်ပုံတင်ရန်နှင့် မှတ်ပုံတင်ထားသည့် အသင်းအဖွဲ့ များအနေဖြင့် သက်တမ်းကုန်ဆုံးပါက သက်တမ်းတိုးရန်၊ ပရဟိတအသင်းအဖွဲ့များနှင့် သက်ဆိုင်သည့် ဥပဒေများအကြောင်းနှင့် မှတ်ပုံတင်ရာတွင် ပြည်ထောင်စုအဆင့်၊ တိုင်းဒေသကြီးအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်များတွင် မှတ်ပုံတင်ခြင်းကိစ္စများ ဆောင်ရွက်နိုင်ကြောင်း ပရဟိတ အသင်းအဖွဲ့များ မှတ်ပုံတင်ရေးနှင့် သက်တမ်းတိုးရေး တွေ့ဆုံဆွေးနွေးရှင်းလင်းပြောကြားခဲ့ပြီး မြိုင်မြို့နယ်ရှိ ပရဟိတ အသင်းအဖွဲ့များအနေဖြင့် အခက်အခဲများရှိပါက ကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အသင်းအဖွဲ့များ အနေဖြင့် မှတ်ပုံတင်ရေးအဖွဲ့အဆင့်ဆင့်တွင် မှတ်ပုံတင်ရာတွင် မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေအရ မှတ်ပုံတင်ခွင့်လျှောက်ထားခြင်းဆိုင်ရာ အချက်အလက်များ၊ အသင်းအဖွဲ့တွင် ပါဝင်ဆောင်ရွက်သည့် အမှုဆောင်များစာရင်း၊ အသင်းအလုပ်မှုဆောင်အဖွဲ့ ကိုယ်ရေးမှတ်တမ်းများ ထည့်သွင်းဖော်ပြ လျှောက်ထားရမည်ဖြစ်ကြောင်းနှင့် အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ မြို့နယ် အတွင်းရှိ ပရဟိတအသင်းအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သူရ(ပုံတောင်)