စုကလိမြို့တွင် ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှုမရှိစေရေး စကောကရင်၊ မြန်မာ နှစ်ဘာသာဖြင့် အသိပညာပေးနှိုးဆော်

စုကလိ       စက်တင်ဘာ    ၂၉

ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရန်အတွက် ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့တွင် ကိုဗစ်-၁၉  ရောဂါပြန့်ပွားမှုမရှိစေရေး စကောကရင်၊ မြန်မာနှစ်ဘာသာဖြင့် အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းကို ယနေ့နံနက် ၁၀  နာရီအချိန်က စတင်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးနှင့် ဝန်ထမ်းများက မြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာများသို့ သွားရောက်ဆောင်ရွက်ခဲ့သည်။

ထိုသို့နှိုးဆော်ရာတွင် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်မှုပြတ်တောက်ပြီး ထိထိရောက်ရောက် ကာကွယ်နိုင်ရန် အိမ်တွင်း၌သာနေထိုင်ရန်၊ ပြင်ပဧည့်သည်များအား အိမ်တွင်လက်မခံရန်၊ မဖြစ်မနေ အပြင်ထွက် ရပါက နှာခေါင်းစည်း Mask တပ်ဆင်ရန်၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာနေထိုင်ရန်၊ လူစုလူဝေး ပြုလုပ်သွားလာ ခြင်း ရှောင်ကြရန်၊ လက်ကိုဆပ်ပြာနှင့် စနစ်တကျဆေးရန်၊ နေအိမ်ရှိ ပြူတင်းပေါက်များအား လေဝင်လေထွက် ကောင်းအောင် ဖွင့်ထားရန်၊ ရောဂါပိုးကူးစက်သည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနသို့ ဆက်သွယ်ပြီး ဆေးကုသမှုခံယူရန်၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကို အမြန်တားဆီး ကာကွယ်နိုင်ရန် အတွက်  ရောဂါကာကွယ် တားဆီးရေးလုပ်ငန်းကို ပြည်သူများ ကိုယ်စီလိုက်နာပြီး ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန်စသည့် အချက်များကို မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာနေပြည်သူများ သိရှိလိုက်နာဆောင်ရွက် နိုင်ရေး Hand speaker ဖြင့် လှည့်လည် နှိုးဆော်ခဲ့ကြောင်း သိရသည်။

ဇော်နိုင်လင်း