ကန့်ဘလူ စက်တင်ဘာ ၂၉
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့တွင် ခရိုင်နှင့်မြို့နယ်တရားရုံး အဆောက်အအုံကို ၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ် ပြည်ထောင်စုအစိုးရ၏ ခွင့်ပြု ရန်ပုံငွေ များဖြင့် အကောင်အထည်ဖော်တည်ဆောက်နေသည့် အာရ်စီနှစ်ထပ်အဆောက်အအုံသည် ယခုအခါ ၈၁ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ကြောင်း တင်ဒါ စနစ်ဖြင့် တာဝန်ယူ တည်ဆောက်နေသော မန္တလေးမြို့ ရွှေပင်အောင်ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ခံ အင်ဂျင်နီယာ ဦးဝင်းကိုကိုထံမှ သိရသည်။
အဆိုပါအဆောက်အအုံမှာ အလျား ၁၉၄ ပေ၊ အနံ ၇၄ ပေ သံကူကွန်ကရစ် အမျိုးအစားဖြစ်ပြီး ပြည်ထောင်စုအစိုးရ၏ ၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ် ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေ ကျပ် သန်း ၅၀၀ ဖြင့် မန္တလေးမြို့ ရွှေပင်အောင်ဆောက်လုပ်ရေးကုမ္ပဏီက တာဝန်ယူတည်ဆောက်နေခြင်းဖြစ်ကာ ယခုအခါ ၈၁ ရာခိုင်နှုန်းကျော် တည်ဆောက်ပြီးစီးနေပြီဖြစ်ကြောင်းနှင့် အဆိုပါ အဆောက်အအုံနှင့် ဆက်စပ်လုပ်ငန်းများဖြစ်သည့် ယာယီအချုပ်ခန်း၊ သက်သေများ နားနေဆောင်၊ လုံခြုံရေးဂိတ် အဆောက်အအုံ၊ သက်သေခံပစ္စည်းများ သိမ်းဆည်းရန် စတိုခန်း၊ အမှုတွဲထိန်းခန်း၊ ယာဉ်ရပ်နားရုံ နှစ်ရုံ၊ အများသုံး သန့်စင်ခန်းလေးလန်းတွဲနှင့် ခြံစည်းရိုးအုတ်တံတိုင်း(ပြီးစီး) ကာရံခြင်းလုပ်ငန်းများကို ဘဏ္ဍာနှစ် သုံးနှစ် ခွင့်ပြုရန်ပုံငွေ ကျပ် ၁၇၄၅ ဒသမ ၈ သန်းဖြင့် တည်ဆောက်မည် ဖြစ်ကြောင်းသိရသည်။
ရုံးအဆောက်အအုံ တည်ဆောက်နေမှု အခြေအနေများ လုပ်ငန်းအရည်အသွေးပြည့်မီရေးတို့အတွက် တိုင်းဒေသကြီး တရားလွှတ်တော်မှ တိုင်းဒေသကြီး တရားရေးဦးစီးမှူး ဦးကျော်သောင်းအောင်သည် ခရိုင်တရားသူကြီး ဒေါ်ဆွေဆွေအေး၊ မြို့နယ်တရားသူကြီး၊ ခရိုင်တည်ဆောက်ရေးလုပ်ငန်း ကြီးကြပ်မှု ကော်မတီဝင်များနှင့်အတူ ကွင်းဆင်းကြီးကြပ် စစ်ဆေးခဲ့ပြီး ကုမ္ပဏီမှ တာဝန်ရှိသူများအား တည်ဆောက်ရေးလုပ်ငန်းများ အချိန်မီပြီးစီးရေး၊ ရေရှည် တည်တံ့ ကောင်းမွန်ရေးအတွက် တင်ဒါပါ စည်းကမ်းချက်များနှင့်အညီ လုပ်ငန်းအရည်အသွေးပြည့်မီရေး ကြိုးပမ်းတည်ဆောက်သွားရန် ဆွေးနွေး မှာကြားခဲ့ကြောင်း သိရသည်။
အဆိုပါ အဆောက်အအုံနှင့် ဆက်စပ်လုပ်ငန်းများကို ပြည်ထောင်စုအစိုးရ၏ ၂၀၂၀- ၂၀၂၁ ၊ ၂၀၂၁- ၂၀၂၂၊ ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ် သုံးနှစ် ခွင့်ပြုရန်ပုံငွေ ကျပ် ၁၇၄၅ ဒသမ ၈ သန်းဖြင့် တည်ဆောက်မည် ဖြစ်ပြီး လုပ်ငန်းတစ်ခုလုံး၏ ၂၅ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း တာဝန်ခံ အင်ဂျင်နီယာက ပြောသည်။
ယင်းခရိုင်နှင့်မြို့နယ် တရားရုံး အဆောက်အအုံသည် ကန့်ဘလူမြို့၏ မြို့ရှောင်လမ်း (တက္ကသိုလ် လမ်းမကြီး)အနောက်ဘက် ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး မြောက်ဘက်တွင် တည်ဆောက်နေခြင်းဖြစ်ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း