ဒေးဒရဲ စက်တင်ဘာ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်ခွင့်ပြုရန်ပုံငွေဖြင့် ကျေးလက်မီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ယမန်နေ့က တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ဖျာပုံခရိုင်ဦးစီးမှူး ဦးဇေယျာဇော်မျိုး၊ လက်ထောက်ညွှန်ကြားရေးမှူး (နည်းပညာ)ဦးဇော်လင်းနိုင် ၊မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများ ကမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ် ခွင့်ပြုရန် ပုံငွေ(၇၇၁.၀၂၉)သန်းဖြင့် ဆောင်ရွက်နေသော ကျုံဒါတ်ကျေးရွာအုပ်စု၊ ရေတွင်းကုန်းကျေးရွာနှင့် သံဒိတ်ကျေးရွာတို့ရှိ အိမ်ခြေစုစုပေါင်း(၅၅၂)အိမ်ရှိ လူဦးရေ(၃၁၅၈)ဦးအတွက် အသေးစား လျှပ်စစ်ဓါတ်အားရရှိရေးစီမံကိန်း(Mini Grid)လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ကျေးလက်မီးလင်းရေး ကော်မတီ(VEC)အဖွဲ့တို့ လိုအပ်ချက်များကို ပေါင်းစပ်ညှိ နှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းဆောင်ရွက်ပြီးစီးပါက ကျေးလက်နေပြည်သူများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအကျိုး ဖြစ်ထွန်းမည်ဖြစ်ကြောင်း သိရသည်။
အေဇာလင်း၊ပြန်ဆက်