ခမောက်ကြီး စက်တင်ဘာ ၂၉
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင် ၊ခမောက်ကြီးမြို့တွင် ကိုဗစ်၁၉ကာကွယ်ထိန်း ချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ခရိုင်ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနက ထိုးနှံပေးသည့် တရုတ်နိုင်ငံထုတ် Sinopharm ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးကို ခမောက်ကြီးမြို့ရှိစက်ရုံ၊ အလုပ်ရုံများရှိ လုပ်သားပြည်သူများအား ယနေ့နံနက်၉ နာရီတွင် ပထမအကြိမ်ထိုးနှံပေးလျက်ရှိသည်။
ထိုသို့ကာကွယ်ဆေးထိုးနှံပေးခြင်းသည် ပထမအကြိမ်ထိုးနှံပေးခြင်းဖြစ်ပြီး စက်ရုံရှိ အလုပ် သမားများအား ဆေး(၁)လုံးလျှင် (၅)ဦးနှုန်းဖြင့် လူ(၅၀၀)အတွက် ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိသည်။
ထိုသို့ဆေးထိုးနှံကြရာတွင် ခမောက်ကြီးမြို့အထွေထွေမြို့အုပ်ချုပ်ရေးမှူး ဦးခိုင်ကိုဦး၏ ကြီးကြပ်မှုဖြင့် ခမောက်ကြီးမြို့တိုက်နယ်ဆရာဝန် ဒေါက်တာအောင်ကျော်ထူးဦးဆောင် သော ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာ၊ဆရာမများကကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းများဆောင်ရွက်ခြင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် စာရင်းဇယားပြုလုပ်ပေးခြင်းနှင့်လိုအပ်သည်များ ဆောင်ရွက်ပေးခြင်း၊ စက်ရုံရှိ တာဝန်ရှိသူများကလည်း ဆေးထိုးမည့်သူများနှင့်ဆေးထိုးနှံပြီး သူများအား စနစ်တကျ နေရာချထားပေးခြင်းနှင့် အချိန်နှင့်တပြေးညီ ကာကွယ်ဆေးထိုးနှံ နိုင်ရေးအတွက် ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရူပါမြင့် (ပြန်/ဆက်)