ကသာ စက်တင်ဘာ ၂၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ကသာခရိုင်အနေဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ဧရာဝတီမြစ်အတွင်းသို့ ငါးသားပေါက်ကောင်ရေ ပေါင်း(၃၅၀၀၀၀) ကောင်အထိ စိုက်ထည့်ပြီးဖြစ်ကြောင်း ကသာခရိုင် ငါးလုပ်ငန်းဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။
ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ငါးလုပ်ငန်းရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေပြီး ငါးရိက္ခာဖူလုံစေရန်၊ ငါးလုပ်ငန်းကိုအခြေခံ၍ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားလာ စေရန်နှင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေရန် ရည်မှန်း၍ငါးမျိုးများ စိုက်ထည့်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး ကသာခရိုင် အတွင်းရှိ ကသာမြို့နယ် အနေဖြင့် စက်တင်ဘာလ(၂၁)ရက်နေ့တွင် ဧရာဝတီမြစ်အတွင်းသို့ နှစ်လက်မအရွယ် ငါးမြစ်ချင်း ကောင်ရေ(၅၀၀၀၀)၊ ထိုင်းငါးခုံးမကြီး ကောင်ရေ(၅၀၀၀၀)၊ စုစုပေါင်းငါးကောင်ရေ(၁၀၀၀၀၀) တို့ကို ငါးမျိုးများစိုက် ထည့်ခြင်းနှင့် ထီးချိုင့်မြို့နယ်အနေဖြင့် ယခုနှစ် ဩဂုတ်လ(၂)ရက်နေ့တွင် ဧရာဝတီမြစ်အတွင်းသို့ နှစ်လက်မအရွယ် ငါးမြစ်ချင်း ကောင်ရေ(၁၅၀၀၀၀)၊ ထိုင်းငါးခုံးမကြီး ကောင်ရေ(၁၀၀၀၀၀)၊ စုစုပေါင်းငါးကောင်ရေ(၂၅၀၀၀၀) ငါးမျိုးစိုက်ထည့်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးသည့်အတွက် ကသာခရိုင်အနေဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ဧရာဝတီမြစ်အတွင်းသို့ ငါးသားပေါက်ကောင်ရေပေါင်း(၃၅၀၀၀၀)ကောင်အထိ စိုက်ထည့်ပြီး ဖြစ်သည်။
ထို့အပြင် ကသာခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ကသာမြို့နယ် အတွင်းရှိ ဂရန်အင်းပေါင်း(၆၇)အင်းအတွင်းသို့ နှစ်လက်မငါးမြစ်ချင်းကောင်ရေ(၂)သိန်းနှင့် ထိုင်းငါးခုံးမကြီးကောင်ရေ(၁)သိန်း၊ စုစုပေါင်းငါးသားပေါက်ကောင်ရေ(၃)သိန်းတို့ကိုလည်း အင်းသား ကြီးများထံသို့ ပေးအပ်ပြီးဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)