ပွင့်ဖြူမြို့နယ် ကျေးရွာ (၁၀) ရွာတွင် NEP စီမံကိန်းဖြင့် ကျေးရွာမီးလင်းရေးလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်

ပွင့်ဖြူ ဩဂုတ် ၁၇

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ မြို့နယ်လျှပ်စစ် အင်ဂျင်နီယာ ဦးတင့်ဇော် ဦးဆောင်သော ဝန်ထမ်းများအဖွဲ့သည် မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ လျှပ်စစ်ဓာတ်အား ပြည့်ဝစွာ သုံးစွဲနိုင်ရန်နှင့် ကျေးရွာလုံးကျွတ် လျှပ်စစ်မီးရရှိရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ရေး ဘဏ္ဍာရေးနှစ်အလိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယခုနှစ်တွင် ပွင့်ဖြူမြို့နယ်အတွင်း ကျေးရွာ(၁၀)ရွာတွင် အမျိုးသားလျှပ်စစ် ဓာတ်အားရရှိရေး NEP Phase-1 စီမံကိန်းဖြင့် ကျေးရွာလျှပ်စစ်မီးလင်းရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း  သိရသည်။

“ကျွန်တော်တို့ ပွင့်ဖြူမြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းအနေနဲ့ မြို့နယ်အတွင်းရှိ ဒေသခံ ပြည်သူတွေ လျှပ်စစ်ဓာတ်အား ပြည့်ဝစွာသုံးစွဲနိုင်ရန်နဲ့ ကျေးရွာလုံးကျွတ် လျှပ်စစ်ဓာတ်အား ရရှိရေး လုပ်ငန်းများကို ဘဏ္ဍာရေးနှစ်အလိုက် ကြိုးပမ်းဆောင်ရွက်နေပါတယ်။ ယခုလည်း ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်၊ အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး NEP Phase-1 စီမံကိန်းနဲ့ ကျေးရွာပေါင်း(၁၀)ရွာ လျှပ်စစ်မီးလင်းရေးလုပ်ငန်းတွေ အကောင်အထည်ဖော် ဆောင်ရွက် နေပါတယ်။ အဆိုပါ NEP Phase-1 စီမံကိန်းနဲ့ ကျေးရွာမီးလင်းရေးလုပ်ငန်း ဆောင်ရွက်နေတဲ့ ကျေးရွာ (၁၀) ရွာအနက် ပွင့်ဖြူမြို့နယ် ရေပုတ်လေးကျေးရွာမှာ NEP Phase-1 စီမံကိန်းနဲ့ ၁၁ ကေဗွီ ဓာတ်အားလိုင်း တပ်ဆင်ခြင်းလုပ်ငန်း၊ ၁၀၀ ကေဗွီအေ  ထရန်စဖော်မာ တစ်လုံးနဲ့ ၂၀၀ ကေဗွီအေ ထရန်စဖော်မာတစ်လုံး တည်ဆောက်ခြင်း လုပ်ငန်း ကို ဆောင်ရွက်ပေးပြီး ကျေးရွာမှ ၄၀၀ ဗို့ ဓာတ်အားလိုင်း တည်ဆောက်ခြင်းလုပ်ငန်းကို ကိုယ်ထူ ကိုယ်ထနဲ့ ဆောင်ရွက်တာဖြစ်ပါတယ်။ လုပ်ငန်းပြီးစီးမှုအနေနဲ့ ထရန်စဖော်မာ မိန်းမီတာ(၂)လုံး တပ်ဆင်ပြီးတော့ ကျေးရွာတွင်း လမ်းမီးတွေရရှိအောင် ဆောင်ရွက်ပြီးစီးသွားပြီ ဖြစ်ပါတယ်။ ကျေးရွာနေ ပြည်သူတွေ လျှပ်စစ်မီး အမြန်ရရှိသုံးစွဲနိုင်ရေးအတွက် အိမ်သုံးမီတာတွေ တပ်ဆင်ခြင်း လုပ်ငန်းကို ဆက်လက်ဆောင်ရွက်နေပါတယ်။ မကြာမီအချိန်မှာ ရေပုတ်လေးကျေးရွာရှိ ဒေသခံ ပြည်သူတွေ ၂၄ နာရီ လျှပ်စစ်မီးသုံးစွဲနိုင်တော့မှာ ဖြစ်ပါတယ်။ ဒါ့အပြင် NEP Phase-1 စီမံကိန်းနဲ့ ဆောင်ရွက်နေတဲ့ ကျေးရွာ မီးလင်းရေး လုပ်ငန်းတွေကိုလည်း အမြန်ဆုံး ပြီးစီးအောင် ကြိုးပမ်း ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ပွင့်ဖြူမြို့နယ်လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးတင့်ဇော်က ပြောသည်။

ရဲဝင်းနိုင် ( ညောင်ဦး )