ဟင်္သာတ စက်တင်ဘာ ၂၉
ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင် ၊ ဟင်္သာတမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ(၁၅ )ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အသိပညာပေးဟောပြောပွဲနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်း ၊ မွန်းလွဲပိုင်းတွင် ခွေးရူးရောဂါ ကာကွယ်ဆေး (အခမဲ့) ထိုးနှံပေးခြင်းကို ခရိုင်မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးကျော်စွာထွန်းက အဖွင့် အမှာစကား ပြောကြားခဲ့ပြီး ခရိုင်ဦးစီးမှုးမှ ခွေးရူးရောဂါတိုက်ဖျက်ရေးနေ့ ကျင်းပရခြင်း ရည်ရွယ်ချက်များကိုလည်းကောင်း မြို့နယ်ဦးစီးမှူးက ခွေးရူးရောဂါသည် ဗိုင်းရပ်ပိုးကြောင့်ဖြစ်ပြီး လူနှင့်တိရိစ္ဆာန်များ အသက်ဆုံးရှုံးစေသည့် ရောဂါဖြစ်သောကြောင့် ကာကွယ်ဆေး ကြိုတင်ထိုးနှံခြင်းဖြင့် ကြိုတင်၍ ကာကွယ်နိုင်ကြောင်း၊ ခွေးရူးရောဂါကြောင့် အသက်ဆုံးရှုံးမှုဖြစ်စေရန် မိမိတို့မွေးမြူထားသော ခွေးများနှင့်ကြောင်များကို ခွေးရူးရောဂါကာကွယ်ဆေးထိုးခြင်းဖြင့် လူ့အဖွဲ့စည်းတစ်ခုလုံးကို ခွေးရူးရောဂါအန္တရာယ်မှ ကာကွယ်နိုင် ကြောင်း ပါဝါပွိုင့်ဖြင့် ရှင်းလင်းဟောပြောခဲ့သည်။
ခွေးရူးရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ရာတွင် ခွေး (၈၂)ကောင် ၊ ကြောင် (၃၄)ကောင် စုစုပေါင်း (၁၁၆ )ကောင် အခမဲ့ထိုးနှံပေးခဲ့ပြီး ပြည်သူများအား ခွေးရူးရောဂါ နှင့်ပတ်သက်၍ ဗဟုသုတရရှိစေရန် ၊ မိမိတို့အိမ်မွေး တိရိစ္ဆာန်များအား ခွေးရူးရောဂါကာကွယ် ဆေးပုံမှန်ထိုးနှံပေးသည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ အဆိုပါလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ ယုနန္ဒာအောင်ထံမှ သိရသည်။
ကိုဇော် - ဟင်္သာတ