ဖျာပုံမြို့၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ထောက်ပံ့ငွေများပေးအပ်

ဖျာပုံ  သြဂုတ်  ၁၇

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ထောက်ပံ့ငွေများ ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ဖျာပုံမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးသိမ်းဆွေ၊ ဖျာပုံခရိုင်ပညာရေးမှူး နန့်စယ်လီလှိုင်တို့က အသီးသီး အဖွင့်အမှာစကား ပြောကြားကြပြီး ဖျာပုံမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းစိုးက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ထောက်ပံ့ငွေများ ပေးအပ်ရခြင်းနှင့် ထောက်ပံ့ငွေများအား စနစ်တကျ သုံးစွဲရန်တို့ကို အသေးစိတ် ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ထောက်ပံ့ငွေများအား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးသိမ်းဆွေနှင့် တာဝန်ရှိသူများက အမာမြို့ အထကကျောင်း အားကစားကွင်းသဲဖို့ရန် ငွေကျပ်(၂၀) သိန်း၊ ဆိပ်မ အထကကျောင်း ရေစင်တည်ဆောက်ရန် ငွေကျပ်(၁၅)သိန်း၊ ကျုံကဒွန်းကျေးရွာတံတား ပြုပြင်ဆောင်ရွက်ရန် ငွေကျပ်သိန်း(၃၀)၊ ကရင်စာပေနှင့် ယဉ်ကျေးမှု အသင်း သင်ရိုးညွှန်းတမ်းစာအုပ် လိုအပ်ချက်အတွက် ငွေကျပ်(၁၅)သိန်း၊ အောက်ကွင်းကျေးရွာ နာရေးကူညီမှုအသင်း လိုအပ်ချက်များအသုံးပြုရန် ငွေကျပ်(၂၀) သိန်း စုစုပေါင်း ထောက်ပံ့ငွေကျပ် သိန်း(၁၀၀)အား ပေးအပ်ချီးမြှင့်ရာ သက်ဆိုင်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်းနှင့် ကရင်စာပေဖြစ်မြောက်ရေး ကော်မတီဥက္ကဋ္ဌ မန်းနံ့သာက ကျေးဇူးတင်ဝမ်းမြောက်စကား ပြန်လည်ပြောကြားပြီး အဆိုပါထောက်ပံ့ငွေများကို မြို့ရန်ပုံငွေများမှ ထောက်ပံ့ပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အောင်ဝင်းနိုင် (ခရိုင်ပြန်/ဆက်)