အိမ်မဲ စက်တင်ဘာ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်အတွင်းရှိ မျိုးသန့်မျိုးစေ့ထုတ် တောင်သူများ အနေဖြင့် အရည်အသွေးပြည့်ဝပြီး အထွက်နှုန်းတိုးတက်မြင့်မားစေရန် ရည်ရွယ်ကာ တိုင်းဒေသကြီး အစိုးရအဖွဲ့ အစီအစဥ်ဖြင့် ၂၀၂၁ ခုနှစ်၊ မိုးစပါး မျိုးစေ့ထုတ်တောင်သူများအား ဓာတ်မြေသြဇာများ ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခိုင်ထွန်းဇော်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြောင်းမြခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ဒေါ်အေးအေးမြင့်နှင့် မြို့နယ်ဦးစီးမှူး ဦးတင်မောင်ဦးတို့က လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့်တောင်သူလယ်သမားများ၏ ဘဝမြှင့်တင်ရေးကိုရည်ရွယ်ပြီး မျိုးသန့် မျိုးစေ့များ ထုတ်လုပ်ရာတွင် အရည်အသွေးပြည့်ဝကာ အထွက်နှုန်းတိုးတက်ရရှိစေရန် အတွက် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ ဓာတ်မြေသြဇာ သုံးစွဲမှု၊ သုံးစွဲမှုကြောင့် ရရှိမည့် အကျိုး ကျေးဇူးများကို ရှင်းလင်းပြောကြားခဲ့ကြသည်။
ထို့နောက် တက်ရောက်လာသော ကျေးရွာအုပ်စု ၂၁ အုပ်စုမှ မျိုးစေ့ထုတ် တောင်သူ ၆၉ ဦး၏ စိုက်ပျိုး ဧက ၁၄၀ ဧကအတွက် တာဝန်ရှိသူများက ပုလဲဓာတ်မြေသြဇာများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အိမ်မဲမြို့နယ်အနေဖြင့် သီးထပ်ရင်၊ ဆင်းသုခ၊ ဧရာမင်း၊ ပေါ်ဆန်းရင်၊ နှံကား၊ ကောက်ညှင်း၊ ငစိန် စသည့် မိုးစပါး စိုက်ပျိုးစိုက်ပျိုးဧကပေါင်း ၁၄၃၀၁၀ ဧက စိုက်ပျိုးထားရှိပြီး ဒေသခံတောင်သူများ အနေဖြင့် မျိုးသန့် မျိုးစေ့ထုတ်လုပ်မှုအား ဆောင်ရွက်လိုပါက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ လိုအပ်သည့် နည်းပညာများ ရယူနိုင်ကြောင်းနှင့် ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ဦးစီးမှူး ဦးတင်မောင်ဦး၏ ပြောပြချက်အရ သိရသည်။
ချစ်သက်လယ်