ကချင်ပြည်နယ်အစိုးရအဖွဲ့ အထွေထွေပိုလျှံရန်ပုံငွေ GRF ဖြင့်ဆောင်ရွက်သည့် ပူတာအို-ပါအင်-တုံလီထုလမ်းပိုင်းအား ကွန်ကရစ်လမ်းခင်းမှု (၅၀)ရာခိုင်နှုန်းခန့်ပြီးစီး

ပူတာအို စက်တင်ဘာ ၂၉

ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် အထွေထွေပိုလျှံရန်ပုံငွေ GRF နယ်စပ်ဒေသဖွံ့ဖြိုး ရေးရန်ပုံငွေဖြင့်ဆောင်ရွက်သည့် ပူတာအို-ပါအင်-တုံလီထုလမ်းပိုင်းအား ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို တင်ဒါ အောင်မြင်ခဲ့သည့် ရွှေမြင့်မိုရ်စိုးဆောက်လုပ်ရေး ကုမ္ဗဏီကတာ၀န်ယူအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယခုအခါ လုပ်ငန်း၏ (၅၀) ရာခိုင်နှုန်းခန့်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

ယင်းလုပ်ငန်းကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ကချင်ပြည်နယ်အစိုးရအဖွဲ့၏ နယ်စပ်ဒေ သဖွံ့ဖြိုးရေးရန်ပုံငွေမှ အထွေထွေပိုလျှံရန်ပုံငွေကျပ်သန်းပေါင်း (၃၅၃ဒသမ၂၀၀)သန်းဖြင့် ပူတာအို-ပါအင်-တုံလီထုလမ်းပိုင်း လမ်းအရှည် တစ်မိုင်လေးဖာလုံအား အကျယ်(၁၂)ပေနှင့် ခုနှစ်လက်မထုဖြင့် ကွန်ကရစ်လမ်းခင်းခြင်းကို ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ပူတာအို-နမ်ထွမ်ခူးလမ်းပိုင်းသည် လမ်းမိုင်အရှည်(၁၄)မိုင်ရှိသည့်အနက်မှ ဘဏ္ဍာနှစ်အလိုက် ခွင့်ပြုရန်ပုံ ငွေများဖြင့် လမ်းအပိုင်းအလိုက် လမ်းခင်းခြင်းလုပ်ငန်းများကိုအကောင် အထည်ဖော်ဆောင်ရွက်ခဲ့ပြီး အဆိုပါလမ်းပိုင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းပြီးစီးပါက ကုန်ထုတ်လမ်းဖြစ်သည်နှင့်အညီ ဒေသထွက်ကုန်များ မြို့ပေါ်သို့ အချိန်မီပို့ဆောင်နိုင် မည်ဖြစ်ရာဒေသအတွက် လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်လာမည့်အပြင် ပူတာအိုမြို့နယ် အတွင်းရှိ ကောင်ကထောင်၊ ပါအင်၊ တုံလီထုရပ်ကွက်များနှင့် နမ်ထွမ်ခူး၊ နမ်ဇေကျေးရွာများရှိ ကျေးလက်နေပြည်သူများ ပညာရေး၊ ကျန်းမာရေးနှင့်လူမှုစီးပွားဘ၀ ယခင်ကထက် ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း ပူတာအိုခရိုင်ဖွံ့ဖြိုး မှုကြီးကြပ်ရေးရုံးမှ သိရသည်။

ဖုန်ကန်(ပူတာအို)