ချောက် စက်တင်ဘာ ၂၉
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တစ်ကြိမ်မျှ ထိုးနှံရခြင်းမရှိသေးသည့် ပြည်သူများအား ကျေးရွာအရောက်ကွင်းဆင်း၍ ကာကွယ်ဆေး ထိုးနှံခြင်းများကို ယမန်နေ့နံနက် ၈ နာရီအချိန် က မြို့နယ်အတွင်းရှိ ကျေးရွာများတွင် သတ်မှတ်ထားသည့် ဆေးထိုးစုရပ်များ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ချောက်မြို့နယ်၌ ကာကွယ်ဆေးထိုးနှံပေးရာတွင် လူစုလူဝေးမဖြစ်ပေါ်စေရန် ကျန်းမာရေးဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးလွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက ပူးပေါင်းဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ချောက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တတိယအသုတ်၊ ပထမအကြိမ်အတွက် ဆေး အလုံးရေ (၁၈၅၀)လုံး ရရှိသဖြင့် လူဦးရေ (၉၂၅၀)ဦးအား ဆေးထိုးနှံပေးမည်ဖြစ်ရာ ယင်းကာကွယ် ဆေးထိုးနှံပေးခြင်းကို စက်တင်ဘာ ၂၃ ရက်နေ့က စတင်ထိုးနှံပေးခဲ့ရာ စက်တင်ဘာ ၂၇ ရက်နေ့ အထိ ကာကွယ်ဆေးထိုးနှံပြီးသူ (၆၆၁၁)ဦး ရှိပြီး ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများအား ချောက် မြို့နယ်အတွင်းရှိ ကျေးရွာများအလိုက် သတ်မှတ်ထားသည့် ဆေးထိုးစုရပ်များ၌ ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။
မချို