ကျောက်ကြီးမြို့နယ်တွင် ဒေသခံပြည်သူများ၏ လှူဒါန်းငွေဖြင့် ဝယ်ယူသည့် Oxygen Plant စက် စမ်းသပ်လည်ပတ်

ကျောက်ကြီး  စက်တင်ဘာ ၂၉

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ်၌ ဒေသခံပြည်သူများ၏ လှူဒါန်းငွေဖြင့် တရုတ်နိုင်ငံ  WUXI ZHONGRUI ကုမ္ပဏီနှင့် ချိတ်ဆက် ဆောင်ရွက်ဝယ်ယူသည့် Oxygen Plant စက်အသစ်အား ယနေ့နံနက်ပိုင်းမှစတင်၍ စမ်းသပ်လည်ပတ်ခဲ့ကြောင်း သိရသည်။

 အဆိုပါ Oxygen Plant စက် အသစ်အား လည်ပတ်ရာ တစ်နာရီလျှင် အောက်စီဂျင် (၄၀)လီတာအိုး (၂)အိုးထွက်ရှိပြီး၊ နောက်ထပ် အောက်စီဂျင် (၄၀)လီတာ အိုး (၃)အိုးအား နှစ်နာရီကြာ လည်ပတ်ရာ အောက်စီဂျင်လေပေါင် (၁၆၀၀)နှုန်း၊ အောက်စီဂျင် (၉၆.၅)ရာခိုင်နှုန်း (၁၀)MPa ထွက်ရှိကြောင်းနှင့် လက်ရှိအချိန်အထိ အောက်စီဂျင်(၄၀)လီတာအိုး လေပေါင်(၁၆၀၀)နှုန်း (၇)အိုး ဖြည့်တင်းပြီးကြောင်း အောက်စီဂျင်စက် တတ်ဆင်မောင်းနှင်ပေးသည့် စက်ဆရာပြောကြားချက်အရသိရသည်။

Oxygen Plant စက် အသစ်အား ကုန်းကျောင်းပရိယတ္တိစာသင်တိုက် ဘုန်းတော်ကြီးကျောင်းဝန်း အတွင်း၌ Oxygen Plant စက်ထားရှိမည့် အဆောက်အဦး မပြီးခင် ယာယီထားရှိမည်ဖြစ်ပြီး အောက်စီဂျင်စက် လည်ပတ်ထုတ်လုပ်ဖြန့်ဖြူးနိုင်ရန် ကြိုးစားလုပ်ဆောင်လျက်ရှိကာ သတ်မှတ်စည်းကမ်းချက်များနှင့် အညီ အောက်စီဂျင်လိုအပ်နေသည့် ဒေသခံပြည်သူများ အသုံးပြုနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း OXYGEN စက် ဝယ်ယူတည်ဆောက်နိုင်ရေး အကျိုးတော်ဆောင်များ ပြောကြားချက်အရ သိရသည်။