နတ်တလင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ RDT Test kit ဖြင့် အခမဲ့စစ်ဆေးပေး

နတ်တလင်း စက်တင်ဘာ ၂၉

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ ဦးဆောင်၍ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှုမရှိစေရန်အတွက် ယမန်နေ့ နံနက် ၇ နာရီချိန်မှ ၁၀ နာရီအချိန်ထိ ကိုဗစ်ရောဂါ ပိုးရှိ/မရှိ အခမဲ့စစ်ဆေးပေးခဲ့ကြောင်း သိရ သည်။

ကိုဗစ်ရောဂါပိုး ရှိ/မရှိ အခမဲ့စစ်ဆေးပေးခြင်းကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာစီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် စာရေးဝန်ထမ်းများတို့ ပူးပေါင်း၍ အနံ့မရသူ (၇)ဦးနှင့် ရွာမရပ်ကွက်မှ  (၁၅၀)ဦး စုစုပေါင်း(၁၅၇)ဦးကို RDT Test kit ဖြင့် စစ်ဆေး‌ပေးခဲ့သည်။

အဆိုပါ စစ်ဆေးရာတွင် (၃) ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ ရှိခဲ့သူများကို နတ်တလင်းမြို့ ပြည်သူ့ဆေးရုံးတွင် ထားရှိပြီး Postive လူနာများနှင့် ထိတွေ့ခဲ့သူများ အား CBFQ တွင် ထားရှိသွားမည်ဖြစ်ကြောင်း သိရသည်။

နတ်တလင်းမြို့နယ်တွင် ယမန်နေ့ ညနေ (၆)နာရီအချိန်ထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း (၁၇၀၅) ဦးအနက် ရောဂါပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရသူ (၁၆၁၀) ဦးထိရှိပြီး သေဆုံသူ (၅၀) ဦး ရှိပြီဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။

ဝေယံဖြိုး(ပြန်/ဆက်)