ဖြူး စက်တင်ဘာ ၂၉
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကို ကိုင်ကြစို့ ဆောင်ပုဒ်နှင့်အညီ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဖြူးမြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် တိုင်းရင်းသားများနှင့် ဥပဒေအရ နိုင်ငံသားများအား အိမ်ထောင်စုလူဦးရေ စာရင်းများ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးလျက်ရှိရာ အသက်(၁၆)နှစ် ပြည့်သူများအား နိုင်ငံသားကတ်ပြားများ ပေးအပ်ခြင်းအခမ်းအနားကို ယနေ့ နံနက်(၉)နာရီက စည်ပင်သာယာရေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောမင်းသူက အဖွင့်အမှာစကားပြောကြားပြီး ဖြူးမြို့နယ် ဦးစီးမှူး ဦးမြင့်သိန်းက ပန်းခင်းစီမံချက်နှင့် စပ်လျဉ်း၍ ပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တက်ရောက် လာကြသော မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက အသက်(၁၆)နှစ်ပြည့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ပြုလုပ်ပြီးစီးသူများအား ပေးအပ်ပေးခဲ့ကြောင်း သိရသည်။
ဖြူးမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးခဲ့ရာ ၂၀၂၁ခုနှစ်၊ မေလပိုင်းမှ စတင်ကာ ယနေ့အထိ နိုင်ငံသားစိစစ်ရေး ကတ်ပြား(၁၅၂၃)၊ အိမ်ထောင်စု လူဦးရေစာရင်း(၄၃၆)၊ ပြုလုပ်ပေးပေးခဲ့ရာ ရာခိုင်နှုန်းအားဖြင့်(၂၂.၉)ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း နှင့် ဆက်လက်ဆောင်ရွက်ပေးနေလျက်ရှိကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)