ဧရာဝတီမြစ်အတွင်းသို့ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ငါးသားပေါက် ကောင်ရေပေါင်း (၃၅၀၀၀၀)ကောင် အထိ စိုက်ထည့်ပြီးဖြစ်

ကသာ စက်တင်ဘာ ၂၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် ငါးလုပ်ငန်း ဦးစီးဌာနမှ ကသာခရိုင်အနေဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေး နှစ်အတွင်း ဧရာဝတီမြစ်အတွင်းသို့ ငါးသားပေါက်ကောင်ရေပေါင်း (၃၅၀၀၀၀)ကောင်အထိ စိုက်ထည့်ပြီး ဖြစ်ကြောင်း ကသာခရိုင် ငါးလုပ်ငန်း ဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။

ငါးလုပ်ငန်း ဦးစီးဌာနအနေဖြင့် ငါးလုပ်ငန်းရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေပြီး ငါးရိက္ခာဖူလုံစေရန်၊ ငါးလုပ်ငန်းကို အခြေခံ၍ ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝ မြင့်မားလာစေရန်နှင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေရန် ရည်မှန်း၍ ငါးမျိုးများစိုက်ထည့်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး ကသာခရိုင်အတွင်းရှိ ကသာမြို့နယ်အနေဖြင့် စက်တင်ဘာလ(၂၁)ရက်နေ့တွင် ဧရာဝတီမြစ်အတွင်းသို့ နှစ်လက်မအရွယ် ငါးမြစ်ချင်းကောင်ရေ(၅၀၀၀၀)၊ ထိုင်းငါးခုံးမကြီး ကောင်ရေ (၅၀၀၀၀)၊ စုစုပေါင်း ငါးကောင်ရေ(၁၀၀၀၀၀)တို့ကို ငါးမျိုးများစိုက်ထည့်ခြင်းနှင့် ထီးချိုင့်မြို့ နယ်အနေဖြင့် ယခုနှစ် ဩဂုတ်လ(၂)ရက်နေ့တွင် ဧရာဝတီမြစ်အတွင်းသို့ နှစ်လက်မအရွယ် ငါးမြစ်ချင်းကောင်ရေ(၁၅၀၀၀၀)၊ ထိုင်းငါးခုံးမကြီးကောင်ရေ(၁၀၀၀၀၀)၊ စုစုပေါင်း ငါးကောင်ရေ(၂၅၀၀၀၀) ငါးမျိုးစိုက်ထည့်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီးသည့်အတွက် ကသာခရိုင်အနေဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ဧရာဝတီမြစ်အတွင်းသို့ ငါးသားပေါက် ကောင်ရေပေါင်း (၃၅၀၀၀၀)ကောင်အထိ စိုက်ထည့်ပြီးဖြစ်သည်။

ထို့အပြင် ကသာခရိုင် ငါးလုပ်ငန်း ဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ကသာမြို့နယ်အတွင်းရှိ ဂရန်အင်းပေါင်း (၆၇)အင်းအတွင်းသို့ နှစ်လက်မ ငါးမြစ်ချင်းကောင်ရေ (၂)သိန်းနှင့် ထိုင်းငါးခုံးမကြီးကောင်ရေ (၁)သိန်း၊ စုစုပေါင်း ငါးသားပေါက်ကောင်ရေ (၃)သိန်းတို့ကိုလည်း အင်းသားကြီးများထံသို့ ပေးအပ်ပြီး ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)