မြိတ် စက်တင်ဘာ ၂၉
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် (၅၇)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ် ပြုသောအားဖြင့် ယနေ့ နံနက်ပိုင်းက မြိတ်ပြည်သူ့ဆေးရုံ သွေးလှူဘဏ်၌ မြိတ်ခရိုင်ရှိ ရဲတပ်ဖွဲ့ဝင်များ စုပေါင်းပြီး သွေးလှူဒါန်းခဲ့ကြသည်။
စုပေါင်းသွေးလှူဒါန်းခြင်းသည် ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေသည့် အမှန်တကယ် သွေး လိုအပ်နေသော ဝေဒနာရှင်များတွေအတွက် အလှူတစ်ရပ်အနေနဲ့ သော်လည်းကောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်သော်လည်းကောင်း ရည်ရွယ်ချက်ထားပြီး ရဲတပ်ဖွဲ့ဝင်များ စုပေါင်းလှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။
သွေးလှူဒါန်းခြင်းကို မြိတ်ခရိုင်နှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ ယာဉ်ထိန်းရဲတပ်ဖွဲ့စု(မြိတ်)၊ လေကြောင်းရဲ တပ်ဖွဲ့(မြိတ်)၊ ရေကြောင်းရဲတပ်ဖွဲ့(မြိတ်)၊ သတင်းရဲတပ်ဖွဲ့(မြိတ်)၊ မူးယစ်ဆေး ဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ (မြိတ်)၊ လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့(မြိတ်)၊ မှုခင်းရဲ တပ်ဖွဲ့(မြိတ်)တို့မှ အရာရှိ/အခြားအဆင့်တပ်ဖွဲ့ဝင်များ၊ စုပေါင်း၍ သွေးလှူဘဏ်သို့ လှူဒါန်း ခဲ့ကြသည်။
တပ်ဖွဲ့ဝင်များ(၄၁)ဦးနှင့် မိသားစုဝင်(၁)ဦး စုစုပေါင်း(၄၂)ဦး သွေးလှူဒါန်းနေမှုအား ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်မိုးသက်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြပြီး သွေးလှူဒါန်းကြသူများအား မြိတ်ခရိုင်ရဲတပ်ဖွဲ့မှ ကြက်ဥ၊ Royal D အအေးဗူးနှင့် သွေးအားတိုး ဆေးများ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး ( မြိတ် )