ပလောက် စက်တင်ဘာ ၂၉
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် အသက်(၁၈)နှစ်နှင့်အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသော ပြည်သူများအား (ပထမအကြိမ်) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက် (၉) နာရီအချိန်တွင် မြို့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ ရွှေသီလာရတ နာခန်းမ၌ စနစ်တကျ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံပေးရာတွင် အသက်(၁၈)နှစ်နှင့်အထက် ကာကွယ်ဆေးမထိုးနှံရသေး သော ရဟန်းသံဃာ များနှင့် ပြည်သူတို့အား ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာခြင်းနှင့် ကာကွယ်ဆေးထိုး မှတ်တမ်း ရေးသွင်းခြင်းများ ဆောင်ရွက်ပေးပြီး၊ ကျန်းမာရေးကောင်းမွန်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ကို စနစ်တကျ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို ပလောက်မြို့ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီအဖွဲ့က လိုအပ်သည်များ ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
နှင်းမြူလွင် (ပလောက်)