ထားဝယ်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုထိန်းချုပ်ကာကွယ်နိုင်ရေး အသိပညာပေးနှိုးဆော်

ထားဝယ်  စက်တင်ဘာ ၂၉

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊vတနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်ရုံးမှ ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်နှင့် ပူးပေါင်းပါဝင်နိုင်ရန် ဗမာ-ထားဝယ် အသံသွင်းထားသည့် ကိုဗစ်-၁၉ ရောဂါ အသိပညာပေးနှိုးဆော်ခြင်းများကို ယနေ့နံနက်ပိုင်းတွင် လူစည်ကားသောနေရာများ၌ Hand speaker ဖြင့် လှည့်လည်နှိုးဆော်ပေးခဲ့ကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက လူစည်ကားရာနေရာများဖြစ်သော စျေး၊ ကားဂိတ်၊ Taxi ဂိတ်၊ လမ်းဆုံလမ်းခွနှင့် နေအိမ်များရှိ လမ်းများတွင် အများပြည်သူအား ကိုဗစ်-၁၉ ရောဂါ အသိပညာပေး လုပ်ငန်းများကို လိုက်လံ၍ နိူးဆော်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ထားဝယ်မြို့အတွင်းရှိ ပြည်သူများအနေဖြင့် လက်ရှိဖြစ်ပေါ်နေသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရန် မိမိနေအိမ်တွင်း၌သာ နေထိုင်ကြရန်၊ မဖြစ်မနေအရေးကြီးကိစ္စကြောင့် အပြင်ထွက်ရပါက ပါးစပ်နှင့် နှာခေါင်းစည်း Mask ကို စနစ်တကျတပ်ဆင်ရန်၊ တစ်ဦးနှင့်တစ်ဦး (၆) ပေအကွာမ ှနေထိုင်ကြရန်၊ Mask မတပ်သူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းများမှ ရှောင်ကြဉ်ကြပါရန်၊ လူစုလူဝေး ပြုလုပ်ခြင်း၊ သွားလာခြင်းကိုရှောင်ကြပါ၊ တစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း ထိတွေ့ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် အနည်းဆုံး စက္ကန့် ၂၀ ကြာအောင် စနစ်တကျ လက်ဆေးပါ၊ လက်ကိုမကြာခဏ ဆေးကြောကြပါ၊ လေဝင် လေထွက်မကောင်းသော အခန်းများကိုရှောင်၍ မိမိတို့နေအိမ်များကို ပြူတင်းတံခါးများဖွင့်ပြီး လေဝင် လေထွက် ရှိအောင်လုပ်ကြပါရန်၊ ပါးစပ်နှင့်နှာခေါင်းစည်း Mask များကိုစနစ်တကျ စွန့်ပစ်ရန်၊ ကိုဗစ်-၁၉ ရောဂါ သံသယလက္ခဏာများ ပေါ်ပေါက်လာပါက နီးပ်ရာကျန်းမာရေးဌာနသို့ ချက်ချင်းအကြောင်းကြား၍ ဆေးကုသမှု ခံယူပါရန် ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေးလုပ်ငန်းများကို မိဘပြည်သူများအားလုံးက ကိုယ်စီလိုက်နာကြပြီး ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြပါရန်  Hand speaker များဖြင့် လိုက်လံနှိုးဆော်ပေးခဲ့ကြောင်း သတင်းရရှိသည်။