ဆွမ်ပရာဘွမ် ဩဂုတ် ၁၇
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်တွင် ကိုဗစ်-၁၉ ကာလပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစားအိမ်ထောင်စုများအား နိုင်ငံတော်အစိုးရမှ ထောက်ပံ့ငွေများပေးအပ်ပွဲကို ယမန်နေ့နံနက် ၁၁ နာရီခွဲက ဘန်ရူခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားတွင် လီဆူးတိုင်းရင်းသားရေးရာဝန်ကြီး ဦးအားတီယောဟန်မှ အဖွင့်အမှာစကား ပြောကြားပြီး ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား နိုင်ငံတော်အစိုးရမှ ထောက်ပံငွေ ကျပ်နှစ်သောင်းစီကို မြို့ပေါ်ရပ်ကွက် (၃) ရပ်ကွက်ရှိ အိမ်ထောင်စု (၃၉)စုအား လက်ဝယ်အရောက်ပေးအပ်ခဲ့ပြီး ကျန်ကျေးရွာအုပ်စု (၉) အုပ်စုရှိအိမ်ထောင်စု (၁၂၆)စုအတွက် တာဝန်ရှိသူများထံ လွှဲပြောင်းပေးအပ်ခဲ့သည်။
ဆွမ်ပရာဘွမ်မြို့နယ်အတွင်း အိမ်ထောင်စု (၁၆၅)စုအတွက် တစ်အိမ်ထောင်လျှင်ငွေကျပ် နှစ်သောင်းနှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ငွေကျပ် သုံးဆယ့်သုံးသိန်းကို ထောက်ပံ့ ပေးအပ်ခဲ့ခြင်း ဖြစ်သည်။
မြို့နယ်အတွင်း၌ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် နိုင်ငံတော်အစိုးရမှ ပထမကြိမ်ထောက်ပံ့မှုအဖြစ် အိမ်ထောင်စုတစ်စုလျှင် ဆန်(၈) ပြည်၊ ဆီ(၅၀) ကျပ်သား၊ ပဲ(၁)ပိဿာ၊ ကြက်သွန်နီ(၁) ပိဿာ၊ ဆား(၅၀)ကျပ်သား စသည့် အခြေခံစားသောက်ကုန် (၅)မျိုးကို ထောက်ပံ့ပေးခဲ့ပြီး ဒုတိယ အကြိမ်တွင် ငွေသား ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်သည်။ ထောက်ပံ့ငွေပေးအပ်ပွဲသို့ လီဆူတိုင်းရင်းသားရေးရာဝန်ကြီး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်တိုးနှင့် မြို့နယ်အဆင့် ကိုဗစ်-၁၉ ကော်မတီဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကုဋေ (ဆွမ်ပရာဘွမ် ပြန်/ဆက်)