ခါမ်းပါတ် စက်တင်ဘာ ၂၉
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ခါမ်းပါတ်မြို့တွင် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးခြင်း လုပ်ငန်းများကို အရှိန်မပျက် ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင်ရရှိသည့် ကာကွယ်ဆေးအလုံးအရေအတွက်ပေါ် မူတည်၍ ဦးတည်အုပ်စုများ သတ်မှတ်ခြင်းနှင့် အသက်(၁၈)နှစ်ပြည့်ပြီးသူများ အားလုံး ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများမှ ရပ်ကွက်/ကျေးရွာများသို့ အရောက် သွားရောက် ထိုးနှံဆောင်ရွက်ပေး လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ပေးနေမှု နှင့်ပတ်သက်၍ ကာကွယ်ဆေးထိုးနှံပြီးစီးသူများ၏ ရင်တွင်းစကားသံများကို ဖော်ပြ လိုက်ရပါသည်။
မချစ်ဆုမွန်(၁၉ နှစ်) ကမ္မကြီးကျေးရွာ
သမီးနာမည်ကတော့ မချစ်ဆုမွန်ပါ။ ပထမတုန်းကတော့ ကာကွယ်ဆေးထိုးချင်ပေမယ့် ဦးစားပေးအုပ်စုတွေ ထိုးနှံပေးနေတာဆိုတော့ မထိုးလိုက်ရဘူး။ သည်တစ်ခေါက်တော့ ထိုးလို့ရတယ်ဆိုတာနဲ့ သွားထိုးလိုက်တာပါ။ အဲသည်အတွက်လည်း အားလုံးကို ကျေးဇူးတင်ပါတယ်။ ဘာတွေခံစားရလဲဆိုတော့ နည်းနည်းတော့ နာနေတာပေါ့။ ဒါပေမယ့် ကာကွယ်ဆေးထိုးပြီးပြီဆိုတဲ့အသိက ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိစေတယ်လို့ ထင်ပါတယ်။
ဦးဉာဏ်ထွန်းအောင်(၃၂ နှစ်) ကနန်ကျေးရွာ
”ဘာဘဲဖြစ်ဖြစ်ပေါ့ ကာကွယ်ဆေးထိုးထားပြီ ဆိုတဲ့အသိက ကိုယ့်ကိုကိုယ် လုံခြုံမှုရှိစေတယ်လို့ ခံစားရတယ်.. အားလုံးထိုးသင့်တယ်လို့ ထင်ပါတယ်.။ ကာကွယ်ဆေးတွေလည်း နောက်ထပ် ပုံမှန်ရောက်ရှိပြီး ဆက်လက် ထိုးနှံပေးသွားမယ် ဆိုတော့ မထိုးရသေးတဲ့သူတွေအနေနဲ့ သွားရောက်ထိုးနှံသင့်တယ်လို့ထင်ပါတယ်။
ဒါမှသာ မိမိ မိသားစု၊ မိမိပတ်ဝန်းကျင်ကနေ နိုင်ငံတစ်ဝန်းလုံးသည် ကပ်ရောဂါဆိုးကြီးကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။”
လက်ရှိအချိန်တွင် သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် နိုင်ငံအနှံ့ တောရောမြို့ပါမကျန် ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိရာ မိမိတို့ပြည်သူများအနေဖြင့် ကာကွယ်ဆေး သွားရောက်ထိုးနှံခြင်းဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ကြဖို့အရေး တိုက်တွန်းရေးသား လိုက်ရပါသည်။
သားငယ်(ခါမ်းပါတ်)