မကွေး စက်တင်ဘာ ၂၉
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်သည် ယမန်နေ့ ညနေ ၅ နာရီအချိန်က မကွေးသူနာပြု သင်တန်းကျောင်းရှိ စာသင်ဆောင်တွင် သူနာပြု သင်တန်းကျောင်းအုပ် (စီမံ)နှင့်ဝန်ထမ်းများ၊ သင်တန်းသား၊ သင်တန်းသူများအား တွေ့ဆုံ၍ သင်တန်းများ ဖွင့်လှစ်ရာတွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများနှင့်အညီ သင်ကြားပြသမှုများနှင့် သူနာပြုသင်တန်းကျောင်း ဥပဓိရုပ် ကောင်းမွန်ရေး ပူးပေါင်းဆောင်ရွက်မှု အခြေအနေများအား ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်သည် မကွေးသူနာပြု သင်တန်းကျောင်းရှိ ကျောင်းအုပ်(စီမံ)နှင့် ဝန်ထမ်းများ၊ သင်တန်းသား၊ သင်တန်းသူများအား တွေ့ဆုံ၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများ၊ ဒေသခံပြည်သူများအတွက် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုနှင့်ပတ်သက်၍ အောက်ဆီဂျင် ပြတ်လပ်မှုမရှိစေရေး စီမံဆောင်ရွက် ပေးနေမှုများအား ရှင်းလင်းပြောကြားကာ ပြည်သူများအား ဆေးဝါးကုသမှု ဆောင်ရွက် ပေးခြင်းသည် မွန်မြတ်သော အလုပ်များဖြစ်သည့်နှင့်အညီ မိမိတို့အလုပ်ကို တန်ဖိုးထားမြတ်နိုးစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ သူနာပြုသင်တန်းကျောင်းအုပ်(စီမံ) ဒေါ်စုစုလွင်က သင်တန်းကျောင်း၏ လက်ရှိဝန်ထမ်းအင်အား အခြေအနေ၊ သင်တန်းသား၊ သင်တန်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေး နည်းလမ်းများနှင့်အညီ သင်ကြားမှုအခြေအနေ၊ သင်တန်းကျောင်း လုံခြုံရေး ဆောင်ရွက်ထားရှိမှုများ၊ သင်တန်းသား၊ သင်တန်းသူများ နေထိုင် စားသောက်ရေးအတွက် ဆောင်ရွက်ထားရှိမှုများနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံမှု အခြေအနေများအား ရှင်းလင်း တင်ပြခဲ့ကြောင်း သိရသည်။
ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်နှင့်အဖွဲ့သည် မကွေးသူနာပြု သင်တန်း ကျောင်းရှိ သင်တန်းသား၊ သင်တန်းသူ အဆောင်များ၊ ထမင်းစား ဆောင်များအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်းနှင့် သင်တန်းကို အောက်တိုဘာလတွင် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။
ကိုစည်သူ(မကွေး)