ဘားအံမြို့၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများဆောင်ရွက်ပေးလျက်ရှိ

ဘားအံ စက်တင်ဘာ ၂၉

ကရင်ပြည်နယ် ဘားအံခရိုင် ဘားအံမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဌာန ခရိုင် ၊ မြို့နယ် ဦးစီးမှူးရုံးမှ ယမန်နေ့ နံနက်ပိုင်းက အမှတ်(၆) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ပန်းခင်းစီမံချက်အရ  နိုင်ငံသား စိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထို့သို့ဆောင်ရွက်ပေးရာတွင် ဘားအံခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး   ဦးမင်းနောင်က နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသည့် အသက်(၁၀) နှစ်ပြည့် ၊ အသက်(၁၈) နှစ်ပြည့် ပြီးသူများအား  နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးနေမှုများကို ကြည့်ရှုအားပေး၍ နိုင်ငံသားအခွင့်အရေး မဆုံးရှုံးစေဖို့ ပြည်သူများက ပူးပေါင်းပါဝင်စို့ဟူသော ဆောင်ပုဒ်နှင့်အညီ ဒေသခံတိုင်းရင်းသား ပြည်သူများနှင့် ဥပဒေအရ နိုင်ငံသားများအား  ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ရရှိစေရေးအတွက် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့်  နိုင်ငံသားစိစစ်ရေးကတ်ပြားအရေးကြီးပုံ များကို ရှင်းလင်း ပြောကြားခဲ့သည်။

ဆက်လက်၍  ဘားအံခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ခရိုင်ဦးစီးမှူး နှင့် တာဝန်ရှိသူများက နိုင်ငံသားစိစစ်ရေးကတ်ပြား အသစ်ပြုလုပ်သူ ဒေသခံပြည်သူများအား   နိုင်ငံသားစိစစ်ရေး ကတ်ပြား (၃၅) ကတ်ကို လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ် ဘားအံခရိုင်အတွင်၌ ၂၇-၉-၂၀၂၁ ရက်နေ့အထိ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ် ပြားများကို ဘားအံမြို့နယ်တွင် ကတ်ပြား(၇၄၆၉) ကတ် ၊ လှိုင်းဘွဲမြို့နယ်တွင် (၃၇၂၅) ကတ်၊ သံတောင်ကြီး မြို့နယ် တွင်(၄၈၇) ကတ် အိမ်ထောင်စု လူဦးရေးစာရင်းကို ဘားအံမြို့နယ်တွင် (၁၅၃၄) စု ၊ လှိုင်းဘွဲမြို့နယ်တွင် (၃၉၉) စု ၊ သံတောင်ကြီးမြို့နယ်တွင် (၁၄၇) စုကွင်းဆင်းဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး ဦးမင်းနောင်ထံမှ သိရသည်။

ခရိုင် ( ပြန်/ဆက် )