သဲကုန်း စက်တင်ဘာ ၂၉
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးက “ပန်းခင်းစီမံချက်” ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကျေးရွာများအရောက် ကွင်းဆင်း၍ နေ့ချင်း ပြီး ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်း ၉ နာရီအချိန်ကစ၍ သဲကုန်းမြို့နယ်၊ အင်းပေါ်ငယ် ကျေးရွာအုပ်စုမှ အသက်(၁၆)နှစ်အထက် နိုင်ငံသားစိစစ်ရေး ကတ်ပြား ကိုင်ဆောင်ဘူးခြင်း မရှိသေးသူ (၅၀)ဦးအား မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ဦးစီးအရာရှိ ဦးဝင်းထွဋ်နှင့် ဝန်ထမ်းများက ကွင်းဆင်း၍ နေ့ချင်းပြီးဆောင်ရွက်ပေးလျက်ရှိပြီး ကျေးရွာပြည်သူများအား အသိပညာပေး လက်ကမ်းစာစောင် များ ဝေငှပေးခဲ့ကြောင်း သိရသည်။
သဲကုန်းမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနအနေဖြင့် “ပန်းခင်းစီမံချက်” ဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက် (၁၄)ရပ်ကွက်၊ ကျေးရွာအုပ်စု (၄၉)အုပ်စုရှိ နိုင်ငံသားစိစစ်ရေးကတ်ပြား မပြုလုပ်ရသေးသည့် အသက်(၁၆)နှစ် အထက်နှင့် အသက်(၁၈)နှစ်အထက် လူဦးရေ (၅,၅၉၈)ဦးတို့ကို မေလ ၃ ရက်နေ့မှ စတင်၍ ဆောင်ရွက်ပေးလျက်ရှိရာ လက်ရှိအခြေအနေ အထိ(၇၀၇)ဦးခန့် ပြုလုပ်ပေးနိုင်ခဲ့ပြီး ကျန်လူဦးရေစာရင်းအား သတ်မှတ်ကာလဖြစ်သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့ အတွင်း အပြီးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သဲကုန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ဦးစီးအရာရှိ ဦးဝင်းထွဋ်ထံမှ သိရသည်။
နိုင်လင်း(ပြန်/ဆက်)