စလင်းမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် စလင်းတမံရေပိုလွှဲမှ(၁.၆)ပေခန့် ဆက်လက်ရေကျော်

စလင်း စက်တင်ဘာ၂၉

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် ယခုရက်ပိုင်း မိုးအဆက် မပြတ်ရွာသွန်းနေမှုကြောင့် စလင်းတမံအတွင်း ရေဝင်ရောက်မှုရှိနေပြီး တမံရေပိုလွှဲမှ ရေများကျော်လျက်ရှိရာ စက်တင်ဘာ ၂၇ ရက်နေ့ နံနက် ၂ နာရီအချိန်ခန့်မှရေများ (၂)ပေ ကျော်ခန့်ထိ ရေကျော်လျက်ရှိကြောင်း မြို့နယ်ဆည် မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန SAE ဦးခိုင်ထွန်းထံမှ သိရသည်။

စလင်းရေလှောင်တမံ၏ ဆည်ရေပြည့်အမှတ် ပမာဏမာ ၁၃၃၀၀၀ ဧကပေဖြစ်ပြီး ယမန်နေ့ ၄ နာရီခွဲအချိန် တိုင်းထွာချက်အရ ဆည်ရေပြည့်အမှတ်ထက် ၁.၆ ပေကျော်ခန့် ရေကျော်ကျ လျက်ရှိပြီး ရေလှောင်တမံများနှင့် ဆက်စပ်အဆောက်အအုံများ အားလုံးကြံ့ခိုင် ကောင်းမွန်ကြောင်း၊ စိုးရိမ်ဖွယ်ရာ အခြေအနေမရှိကြောင်းနှင့် (၂၄)နာရီ ရေကင်းတာဝန် ချထားပြီး အနီးကပ်ကြီးကြပ် ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ စလင်းတမံရေကျော်နေမှု အခြေအနေကို မြို့နယ်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

မောင်လွင်(စလင်း)