ရှမ်းရွာသစ် စက်တင်ဘာ ၂၉
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုကို အမြန် ကာကွယ် တားဆီး ထိန်းချုပ် နိုင်ရေးနှင့် ကြိုတင်ကာကွယ်ရန်ရည်ရွယ်၍ အသိပညာပေးခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိရာ ယနေ့ နံနက် ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ပြည်သူသို့ အသိပေးပန်ကြားချက်များကို ဒေသနေပြည် သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာကြ စေရန်အတွက် ကရင်၊ မြန်မာနှစ်ဘာသာဖြင့် အသိပညာပေး နှိုးဆော်မှုများကို ယနေ့နံနက်ပိုင်းတွင် ဆောင် ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါအသိပညာပေးလုပ်ငန်းတွင် ရှမ်းရွာသစ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနမှဝန်ထမ်းများက မိဘပြည်သူများအနေဖြင့် မိမိတို့အိမ် အတွင်း၌သာနေထိုင်ကြရန်၊ မိမိတို့အိမ်တွင် ပြင်ပမှလာသောဧည့်သည်များလက်မခံကြရန်၊ အခြားသူများထံသို့ သွားရောက်လည်ပတ်ခြင်းမပြုရန် ၊မဖြစ်မနေအရေးကြီးကိစ္စ ကြောင့် အပြင်ထွက်ရပါက ပါးစပ်နှင့် နှာခေါင်းစည်း (Mask)များကို စနစ်တကျ တပ်ဆင်ကြရန်၊ လူစုလူဝေးပြုလုပ်ခြင်းကို ရှောင်ကြဉ်ကြရန်၊ လက်ကိုစက္ကန့်(၂၀)ကြာအောင် စနစ်တကျဆေးကြောကြရန်၊ မိမိတို့၌ရောဂါပိုးကူးစက်သည်ဟု သံသယ ရှိပါကနီးစပ်ရာကျန်းမာရေးဌာနများသို့ ဆက်သွယ်အကြောင်းကြားကြရန်နှင့် စသည့်အချက်များကို စကောကရင်ဘာသာနှင့် မြန်မာဘာသာတို့ဖြင့် ရပ်ကွက်များအတွင်း လှည့်လည်၍ အသံချဲ့စက်ဖြင့် လိုက်လံနှိုး ဆော်ခဲ့ကြောင်း သိရှိရသည်။
ရှမ်းရွာသစ်(ပြန်/ဆက်)