ဘားအံ စက်တင်ဘာ ၂၉
ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် ထိုင်းနိုင်ငံမှ ပြန်လည် ဝင်ရောက်လာ ကြမည့် မြန်မာနိုင်ငံသားများအား တိုးမြှင့်ပြီး ကြိုဆိုလက်ခံ၍ ဘားအံမြို့ အသွား အလာကန့်သတ်စောင့်ကြည့်ရေး စခန်းများတွင် အသွားအလာကန့်သတ်စောင့်ကြည့်နိုင်ရန် ကြိုတင်ပြင်ဆင်ထားရှိမှုများအား ယမန်နေ့ မွန်းလွဲ ၃ နာရီခန့်က ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများ သွားရောက်ကြည့်ရှု့စစ်ဆေးခဲ့ကြသည်။
ရှေးဦးစွာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ကွန်ပျူတာတက္ကသိုလ်(ဘားအံ) အသွားအလာကန့်သတ်စောင့်ကြည့်ရေး စခန်းသို့ ရောက်ရှိပြီး နေရပ်ပြန် ၁၉၀ ဦးခန့်အား လက်ခံထားရှိပေးသွားနိုင်ရေး နေရာထိုင်ခင်း ကြိုတင်ပြင်ဆင်ထားမှုအခြေအနေ၊ ရေချိုးခန်း၊ သန့်စင်ခန်း ပြင်ဆင်ဆောင်ရွက်ထားမှု၊ သောက်ရေသုံးရေ လုံလောက်စွာရရှိနိုင်ရေး၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စေတနာ့ဝန် ထမ်း Volunteer များ တွဲဖက်တာဝန်ချထားပေးမည့်အစီအမံများနှင့် ဧည့်ခံကျွေးမွေးရေးအစီအစဉ်၊ ကျန်းမာရေး စစ်ဆေးရန်နေရာများ၊ Swab ယူမည့်နေရာများကို လိုက်လံကြည့်ရှု့စစ်ဆေးရာ ဘားအံခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ကြိုတင်ပြင်ဆင်ထားရှိမှုများနှင့်စပ်လျဉ်း၍ လိုက်လံရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြား ခဲ့သည်။
အလားတူ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နည်းပညာတက္ကသိုလ်(ဘားအံ)တွင် နေရပ်ပြန် မြန်မာနိုင်ငံသား ၃၁၆ ဦးခန့်အတွက် ကြိုတင်ပြင်ဆင်ထားမှုများအား လိုက်လံကြည့်ရှု့စစ်ဆေး ခဲ့ပြီး အဆိုပါ အသွားအလာ ကန့်သတ် စောင့်ကြည့်ရေးစခန်းများတွင် တာဝန်ထမ်းဆောင်ကြမည့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်း Volunteer များအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက် အားပေးစကားများ ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံတွင်ရောက်ရှိနေပြီး နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသားများအား မြဝတီမြို့အမှတ်(၂) ချစ်ကြည်ရေး တံတားမှတစ်ဆင့် ၂၀၂၁ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့မှစ၍ ပြန်လည်ကြိုဆို လက်ခံပေးလျက်ရှိရာ ယခင်က တစ်ရက် လျှင် ၂၀၀ ဦးခန့်သာ တစ်ရက်ခြားလက်ခံပေးခဲ့ပြီး စက်တင်ဘာလ ၂၆ ရက်နေ့မှစ၍ တစ်ရက်လျှင် ၅၀၀ ဦးခန့်ထိ ပြန်လည်ကြိုဆိုလက်ခံပေး လျက်ရှိကာ မြဝတီမြို့တွင် လူဦးရေ ၁၀၀၀(တစ်ထောင်) ခန့်အား အသွားအလာကန့်သတ် စောင့်ကြည့်နိုင်ရန် ပြင်ဆင်ထားပြီး ဘားအံမြို့တွင်မှု စက်တင်ဘာလ ၃၀ ရက်နေ့မှစ၍ လူဦးရေ ၅၀၀ ဦးခန့်အား လက်ခံထားရှိပေးသွားနိုင်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိကြောင်း၊ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေး ဆောင်ရွက်၍ ရောဂါပိုးကင်းရှင်းပါက သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များသို့ ပြန်လည်ပို့ဆောင်ပေးသွားမည် ဖြစ်ကြောင်းနှင့် ရောဂါပိုးတွေ့ရှိပါက ဘားအံမြို့ ပေါ်ရှိ ကိုဗစ်-၁၉ ကုသရေးစင်တာများသို့ ပို့ဆောင်ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)