ပြည်မြို့အဝင် ကိုဗစ်-၁၉ ကာကွယ်ရေး စစ်ဆေးရေးဂိတ်၌ ယမန်နေ့က စစ်ဆေးခဲ့သူ(၇၇)ဦးအနက် တစ်ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ

ပြည် စက်တင်ဘာ ၂၈

ပဲခူးတိုင်းဒေသကြီး ပြည်မြို့အဝင် ပြည်ပညာရေးဒီဂရီ‌ ကောလိပ်အနီး၊ ပြည်-အောင်လံ ကားလမ်းဘေးရှိ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စစ်ဆေးရေးဂိတ်၌ မကွေးတိုင်းဒေသကြီးဘက်မှ  ပြည်မြို့နယ်သို့ ဝင်ရောက်လာသော ယာဉ်မောင်းများ၊ ယာဉ်နောက်လိုက်များနှင့် ခရီးသွား ပြည်သူများအား ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စစ်ဆေးမှုများကို ယခုနှစ် ဩဂုတ် ၂၄ ရက်က စတင်၍ နေ့စဉ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က အဆိုပါစစ်ဆေးရေးဂိတ်၌ RDT Test-Kitဖြင့် စစ်ဆေးခဲ့သူ စုစုပေါင်း(၇၇)ဦးအနက် တစ်ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး စစ်တွေ့ရှိခဲ့ကြောင်းသိရသည်။

အဆိုပါပိုးတွေ့ရှိလူနာသည် မကွေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် နေထိုင်သူ ဖြစ်ကြောင်းသိရပြီး ၎င်းအား ပြည်ပညာရေးဒီဂရီကောလိပ်အဆောင်သစ်တွင် ခေတ္တယာယီထားရှိပြီး ဆေးကုသမှုဆက်လက်ဆောင်ရွက်ရန် သက်ဆိုင်ရာမြို့နယ်သို့ ချိတ်ဆက်ဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံက သိရသည်။

ပြည်မြို့နယ်သည် Stay at home သတ်မှတ်ထုတ်ပြန်ထားသည့် မြို့နယ်များတွင် ပါဝင်ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို တာဝန်ရှိသူများနှင့်ဌာနဆိုင်ရာများ၊ အရပ်ဘက်လူမှုကူညီရေး‌ စေတနာ့ဝန်ထမ်းအဖွဲ့များ ပူးပေါင်းကာ အရှိန်အဟုန် တိုးမြှင့်ဆောင်ရွက်လျက်ရှိပြီး ယခုစစ်ဆေးရေးဂိတ်ကို ၂၄ နာရီဖွင့်လှစ်၍ ပြည်မြို့နယ်သို့ ဝင်ရောက်လာသူများအား သတ်မှတ်ထားသော ကျန်းမာရေးဆိုင်ရာ ခရီးသွားထောက်ခံချက် ပါ/မပါစစ်ဆေးခြင်း၊ ၎င်းတို့၏ နေရပ်လိပ်စာ၊ သွား‌ရောက်လိုသည့် နေရာဒေသနှင့် ဆက်သွယ်ရမည့် ဖုန်းနံပါတ်တို့ကိုစာရင်းမှတ်ယူ၍ ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ Test- Kitဖြင့် စမ်းသပ်စစ်ဆေးခြင်း၊ ရောဂါပိုးတွေ့ရှိပါက သက်ဆိုင်ရာမြို့နယ်များသို့ ဆေးကုသမှုခံယူနိုင်ရေး ချိတ်ဆက်ဆောင်ရွက်ပေးခြင်းတို့ကို နေ့စဉ် နံနက် ၄ နာရီမှ ည ၁၀ နာရီအထိ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းနှင့် ယင်းသို့စစ်ဆေးဆောင်ရွက်ရာတွင် ဂိတ်စတင် ဖွင့်လှစ်သည်မှ ယမန်နေ့အထိ ပြည်မြို့နယ်သို့ဝင်ရောက်လာသူစုစုပေါင်း(၂,၂၂၇)ဦးစစ်ဆေးနိုင်ခဲ့ပြီး ယင်းအနက် (၂၇)ဦး ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့ကြောင်းသိရသည်။

ကိုဆက်