ပွင့်ဖြူ စက်တင်ဘာ ၂၈
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသူများကို ဒုတိယအသုတ် ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပေးခြင်းကို စက်တင်ဘာ ၁၆ ရက်နေ့မှ စတင်ကာ ဆေးထိုးစုရပ်(၄)နေရာခွဲ၍ ဦးစားပေး အုပ်စုအလိုက် ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ယမန်နေ့အထိ ကာကွယ်ဆေး လာရောက် ထိုးနှံသူဦးရေ ၈၀၃၅ ဦးရှိပြီဖြစ်ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးမှ သိရသည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဆေးထိုးစုရပ်(၄)နေရာဖြစ်သည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမ၊ လယ်ကိုင်း ကျေးရွာ(အ.ထ.က)ကျောင်း၊ ကုန်းဇောင်းကျေးရွာ (အ.ထ.က)ကျောင်း၊ မဲဇလီကျေးရွာ(အ.ထ.က)ကျောင်း တို့တွင် ကျန်းမာရေး ဝန်ထမ်းများက သတ်မှတ် စည်းကမ်းချက်များနှင့်အညီ စနစ်တကျ ထိုးနှံဆောင်ရွက် ပေးလျက်ရှိကြောင်း သိရပြီး ယမန်နေ့ ဆေးထိုးစုရပ် (၄)နေရာတွင် ကာကွယ်ဆေးလာရောက်ထိုးနှံသူ ၂၉၀ ဦး ရှိကြောင်း သိရသည်။
ဆေးထိုးစုရပ်များသို့ ကာကွယ်ဆေး လာရောက်ထိုးနှံသူများ စိတ်အေးချမ်းသာစွာ ထိုးနှံနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်၏ အနီးကပ် ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်း (Volunteer) အဖွဲ့ဝင်များက လိုအပ်သည်များကို ဝိုင်းဝန်းကူညီ ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ရောဂါ အန္တရာယ်ကင်းဝေးစေရန်နှင့် ကူးစက်ပျံ့ပွားမှု လျော့နည်း ပပျောက်စေရေးအတွက် ကာကွယ်ဆေး မထိုးနှံရသေး သူများအား ဦးစားပေးအုပ်စုအလိုက် ကာကွယ်ဆေး စနစ်တကျ ထိုးနှံပေးလျက်ရှိပြီး ဆေးထိုးရန် ကျန်ရှိသည့် ပြည်သူများကိုလည်း သက်ဆိုင်ရာ ဆေးထိုးစုရပ် များအလိုက် မပျက်မကွက် ကာကွယ်ဆေး သွားရောက်ထိုးနှံနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး များက အသံချဲ့စက်ဖြင့် နေ့စဉ်အသိပေး နှိုးဆော်ခြင်းများ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ထိုသို့ ပြည်သူများအား ကာကွယ်ဆေး ထိုးနှံပေး လျက်ရှိရာ စက်တင်ဘာ(၁၆)ရက်နေ့မှ ယနေ့အထိ ဒုတိယအသုတ် ပထမအကြိမ် ကာကွယ်ဆေးလာရောက် ထိုးနှံသူဦးရေ စုစုပေါင်း ၈၀၃၅ ဦး ရှိပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်ထံမှ သိရသည်။
ရဲဝင်းနိုင်(ညောင်ဦး )