ပလောက် စက်တင်ဘာ ၂၇
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် အသက်(၁၈)နှစ်နှင့်အထက်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသော ပြည်သူများအား (ပထမအကြိမ်) ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် (၉) နာရီအချိန်တွင် မြို့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ပြင်ဘုငယ်ကျေးရွာ၊ အလကကျောင်း၌ စနစ်တကျထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံပေးရာတွင် အသက်(၁၈)နှစ်နှင့်အထက် ကာကွယ်ဆေး မထိုးနှံရသေးသော ရဟန်း၊ သံဃာများနှင့် ပြည်သူတို့အား ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်းနှင့် ကာကွယ်ဆေးထိုး မှတ်တမ်းရေးသွင်းခြင်းများ ဆောင်ရွက်ပေးပြီး ကျန်းမာရေး ကောင်းမွန်သူ များအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) ကို စနစ်တကျ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းကို ပလောက်မြို့ မြို့အုပ်ချုပ်ရေးမှူးဦးမျိုးဝေ၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေး အသင်းအဖွဲ့များ ပါဝင်သည့် ပူးပေါင်းအဖွဲ့က လိုအပ်သည်များ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နှင်းမြူလွင် (ပလောက်)