ဗန်းမောက် စက်တင်ဘာ ၂၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်အတွင်း မိုးစပါးမျိုးစေ့ထုတ် စံပြစိုက် ကွက်များ၊ မိုးစပါးတင်း (၁၀၀)အထက်ထွက်ရှိရေး စံပြစိုက်ကွက်များ၊ မိုးစပါး (SEI) စံပြစိုက်ကွက်များ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းလျက်ရှိရာ ယမန်နေ့ မွန်းလွဲ (၂)နာရီခွဲအချိန်ခန့်က လယ်နက်ကြီးကျေးရွာ အုပ်စု၊ နားယကာကျေးရွာ စံပြတောင်သူ ဦးစောအောင်၏ မိုးစပါးတင်း (၁၀၀)အထက်ထွက်ရှိရေး စံပြစိုက်ကွက် (၅.၀၀)ဧကတွင် EM ဘိုကာရှိ သဘာဝမြေဩဇာပြုလုပ်သုံးစွဲပုံနှင့် သဘာဝပိုးသတ်ဆေး ပြုလုပ်သုံးစွဲနည်း အဆင့်ဆင့်ဆောင်ရွက်မှုအား လက်တွေ့ပြုလုပ်ပြသပေးခဲ့ကြောင်း သိရသည်။
အဆိုပါကွင်းသရုပ်ပြပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးသန်းဌေးက အမှာစကား ပြောကြားပြီး ကသာခရိုင်၊ ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးမြင့်စိုးက သဘာဝဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေး ပြုလုပ်ပုံသုံးစွဲပုံများနှင့်ပတ်သက်၍လည်းကောင်း၊ စပါးဖျက်ပိုးများမကျရောက်စေရေး ကြိုတင် ကာကွယ်ရေး နည်းလမ်းများကိုလည်းကောင်း၊ ပေါင်းမြက်ကင်းရှင်းရေးနှင့် စပါးအထွက်တိုး ရေးနည်းလမ်းကောင်းများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ယင်းကွင်းသရုပ်ပြပွဲသို့ ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးမြင့်စိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးသန်းဌေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးဦးဟန်စိုးနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ အကျိုးဆောင်တောင်သူများနှင့် မျိုးစေ့ထုတ်တောင်သူများ တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။
မေသူဟန် (ဗန်းမောက်)