ကျွန်းစု စက်တင်ဘာ ၂၇
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီး ဌာန၊ ကျွန်းစုမြို့နယ်ရုံးမှ ယနေ့ နံနက်ပိုင်းက ကျွန်းစုမြို့မဈေးအရှေ့နှင့် မြို့အဝင်ဆိပ်ကမ်းများ ၌ ပန်းခင်းစီမံချက်နှင့် ပက်သက်သည့် လက်ကမ်းစာစောင်များအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
“လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ နိုင်ငံတော်စီမံချက်ဖြင့် ဆောင်ရွက်ပေးလျက်ရှိသော “ပန်းခင်းစီမံချက်” လုပ်ငန်းများကို ပြည်သူများ ကျယ်ကျယ် ပြန့်ပြန့် သိရှိလာစေရန်ရည်ရွယ်၍ ယခုလိုဖြန့်ဝေရခြင်းဖြစ်ကြောင်း မြို့နယ်လဝကမှူး ဦးဇော်ထွန်းလင်းက ပြောသည်။
ဖြန့်ဝေရာတွင် မြို့နယ်လဝကဦးစီးမှူး ဦးဇော်ထွန်းလင်းနှင့် ဝန်ထမ်းများက လမ်းသွား လမ်းလာပြည်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက ပြည်သူများ ကိုင်ဆိုင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ရရှိရေးအတွက် ရပ်ကွက်၊ ကျေးရွာများအရောက် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးနေကြောင်း၊ အိမ်ထောင်စုစာရင်းမရှိသူများ၊ နိုင်ငံသားကတ် မရှိသူများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူး ရုံးမှ စာရင်းလာကောက်ချိန်တွင်၊ မှန်မှန်ကန်ကန်စာရင်း ပေးသွင်းခြင်းဖြင့် အချိန်တိုတိုအတွင်း အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားကတ် ရရှိမည်ဖြစ် ကြောင်း၊ နိုင်ငံသားကတ် မှတ်ပုံတင်ရှိခြင်းကြောင့် မိမိတို့၏ လူမှုရေး၊ အလုပ်အကိုင်ရရှိရေး၊ သွားလာရေး၊ ပညာရေး စသည့် လူမှုစီးပွားဘဝမြှင့်တင်နိုင်မည်ဖြစ်ကြောင်း၊ စီမံချက်နှင့် ပတ်သက်သည့် စသည်သိမှတ်ဖွယ်ရာများ ပါရှိသည့် လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ ကြောင်း၊ အလားတူ မွန်းလွဲ(၂)နာရီအချိန်တွင် မြိတ်မြို့မှ လိုက်ပါလာသူများအား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
စည်သူရအောင်(ကျွန်းစု)