ကျော သြဂုတ် ၁၆
ဂန့်ဂေါမြို့နယ် ပုံတောင်ပုံညာဒေသရှိ ကျောမြို့တွင် မိုးဦးကာလ မိုးကောင်းစွာရရှိသဖြင့်ယခုနှစ် မိုးစပါးကို ကွင်းအားလုံးနီးပါး စိုက်ပျိုးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
"အရင်နှစ်က မိုးခေါင်တော့ လယ်တွေ စိုက်ပျိုးရေမရလို့ တစ်ချို့ စပါးမစိုက်နိုင်ခဲ့ဘဲ အခြားသီးနှံစိုက်ခဲ့ရတာတွေရှိတယ်။ ဒီနှစ်တော့ မိုးဦးကောင်းပြီး လယ်တွေစိုက်ပျိုးရေရတော့ ကွင်းအားလုံးနီးပါး မိုးစပါးကို စိုက်ပျိုးပြီးပါပြီ" ဟု ကျောမြို့ အမှတ် ၂ ရပ်ကွက်မှ တောင်သူ တစ်ဦးက ပြောသည်။
အဆိုပါစိုက်ပျိုးထားသော မိုးစပါးစိုက်ခင်းများတွင် ပိုးမွှားရောဂါ ကျရောက်မှုအခြေအနေများကို သိရှိနိုင်ရန် ဂန့်ဂေါမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးမြင့်ဇော်၊ မြို့နယ်သီးနှံကာကွယ်ရေး တာဝန်ခံ လက်ထောက်ဦးစီးမှူး ဦးသူရဇော်နှင့် ဝန်ထမ်းများသည် ယမန်နေ့ ကွင်းဆင်း ကင်းထောက်စစ်ဆေးပြီး တောင်သူများနှင့်တွေ့ဆုံကာ ပိုးမွှားရောဂါစနစ်တကျ ကာကွယ်နှိမ်နင်းနည်းများကို ပညာပေး ဆွေးနွေးကြကြောင်း သိရသည်။
တောင်သားမောင်သန်း