ကျောင်းကုန်း စက်တင်ဘာ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် တံခွန်တိုင်ကျေးရွာ စိုက်ပျိုးရေး နည်းပညာ ပြန့်ပွားရေး စင်တာ၌ မျိုးသန့်မျိုးစေ့ထုတ် တောင်သူများအား ဓာတ်မြေဩဇာ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့ နံနက် ၉ နာရီအချိန်ခန့် တွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းက မျိုးစပါး ထုတ်လုပ်ခြင်း လုပ်ငန်းဟာ ယခုခေတ်မှာ တော်တော်လေး လက်ဝင်တဲ့အလုပ်ဖြစ်လို့ တောင်သူတွေ တော်တော်များများ လက်တွေ့မှာ ပါဝင်လုပ်ဆောင်မှု အားနည်းနေသေးကြောင်း၊ အများစုက ကြဲခင်းတွေ လုပ်တာများနေကြောင်း၊ ဒါ့ကြောင့် မျိုးစေ့ ထုတ်လုပ်သူ တောင်သူကြီးများဟာ စပါးစိုက်ပျိုးရေးကဏ္ဍမှာ အရေးပါသူများ ဖြစ်ကြောင်းပြောကြားခဲ့ပြီး၊ မြို့နယ် စိုက်ပျိုးရေးဦးစီးအရာရှိ ဦးထင်ကျော်ဦးက မျိုးကောင်းမျိုးသန့်ကို အသုံးပြုရင် စပါးအထွက်နှုန်း ကောင်းကြောင်း၊ ကြိတ်လိုက်ရင်လည်း ဆန်ရည်ဆန်သွေးကောင်းတာကြောင့် မျိုးစေ့ထုတ် တောင်သူများကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ကျောင်းကုန်းမြို့နယ် ကညင်သုံးဆင့်အုပ်စု၊ ဇရပ်ကွင်းအုပ်စု၊ ကွင်းကြီးအုပ်စု၊ ကောက်ကြီး ကုန်းအုပ်စု၊ ဗြိုက်အုပ်စု၊ သောင်ကြီးအုပ်စု၊ ထန်းတပင်အုပ်စု၊ မိုးပြာအုပ်စု၊ ကျားကိုက်ချောင်းအုပ်စု၊ ရွာသာကုန်းအုပ်စု၊ ကျောင်းအိုင် အုပ်စု၊ ဆိပ်ဖူးနီအုပ်စု၊ ထန်းတပင် အုပ်စု၊ သဲကုန်အုပ်စု အပါအဝင်(၂၂)အုပ်စုမှ တောင်သူ(၉၅)ဦးတို့၏ စိုက်ဧက(၅၀၀) အတွက် ဓာတ်မြေဩဇာ(၂၅၀)အိတ်အား တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)