ကျောင်းကုန်း စက်တင်ဘာ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ လူမှုရေးအဖွဲ့အစည်း စေတနာ့ ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများနှင့် စားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အေးချမ်းသာယာ ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးစိုးဝင်းက မြို့နယ်အတွင်း ကိုဗစ်-၁၉ လူနာများအား ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးကြတဲ့အတွက် ကျေးဇူးတင်ကြောင်း ဒီလိုပရဟိတအလုပ်ကို လူတိုင်း လုပ်နိုင်ဖို့မလွယ်ကူကြောင်း၊ အထူးသဖြင့် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများ သေဆုံးသွား လျှင် စနစ်တကျ သင်္ဂြိုလ်နိုင်ရေး အရေးကြီးကြောင်း ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး သုံးပစ္စည်းများ၊ လည်ဆွဲကတ်ပြားများနှင့် ဆန်၊ ဆီ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ကြက်ဥ စသည့် စားသောက်ကုန် ပစ္စည်းများကို လူမှုရေးအဖွဲ့အစည်း စေတနာ့ ဝန်ထမ်း(၁၆)ဦးအား တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးဝင်း၊အတွင်းရေးမှူး ရဲမှူး ဝင်းရွှေ၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး နေဝင်းနောင်၊ အဖွဲ့ဝင်(၂) ဦးတင်မောင်၊ အဖွဲ့ဝင်(၃)လ.ဝ.က ဦးစီးမှူး ဦးမျိုးဝင်းရှိန်၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ အောက်ဆီဂျင် ရှာရေးအဖွဲ့များ၊ မီးသင်္ဂြိုလ်စက်အဖွဲ့များ၊ နာရေးကူညီမှုအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)