ပခုက္ကူမြို့တွင် သီတင်းကျွတ်မီးပုံးနှင့်ကလေးကစားစရာအရုပ်များ စတင်ရောင်းချလာ

 

ပခုက္ကူ   အောက်တိုဘာ ၂၇

 

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့တွင် သီတင်းကျွတ်မီးပုံးနှင့် ကလေးကစားစရာအရုပ်များ သီတင်းကျွတ်ကာလ မတိုင်မီက ပင်စတင်ရောင်းချလာကြောင်း သိရသည်။

 

သီတင်းကျွတ်မီးပုံးနှင့်ကလေးကစားစရာအရုပ်များကို ပခုက္ကူမြို့၊ လွတ်လပ်ရေးပန်းခြံအရှေ့ဘက် မြို့မဈေးကြီးအဝင်၊ ထင်းတန်းလမ်းတလျှောက်နှင့်သီဟိုဠ်ရှင် ဘုရားကြီးရှေ့တို့တွင် အဓိကရောင်းလျက်ရှိကြပြီး အဆိုပါမီးပုံးနှင့်အရုပ် များကို အမှတ် ၁ရပ်ကွက်၊ အမှတ်၁၀ ရပ်ကွက်၊ အမှတ် ၁၃ ရပ်ကွက်များမှ မြန်မာ့ရိုးရာလက်မှုလုပ်ငန်းလုပ်ကိုင်သူများက လာရောက် ရောင်းချခြင်းဖြစ်သည်။

 

ထိုသို့ရောင်းချရာတွင် သီတင်းကျွတ်မီးပုံး၊မီးဆိုင်းများကို အနိမ့်ဆုံးတန်ဖိုး ငွေကျပ် ၆၀၀ အမြင့်ဆုံး ၈၀၀ ဖြင့် လည်း ကောင်း၊ ကလေးကစားစရာအရုပ်များဖြစ်သည့် ယုန်ရုပ်၊ သင်္ဘောပုံစံမျိုးစုံ၊ တိုက်လေယာဉ်ပုံများကို ငွေကျပ် ၁၅၀၀ကျပ်ဖြင့် လည်းကောင်း၊ ဟယ်လီကော်ပတာပုံများကို ငွေကျပ် ၂၅၀၀မှ ၃၀၀၀ကျပ်နှုန်းဖြင့်လည်းကောင်း ၊ အထူးအော်ဒါစနစ်ဖြင့် လည်း ကောင်း အသီးသီးရောင်းချကြောင်း၊  ဝါခေါင်လမှစတင်ပြီး  သီတင်းကျွတ်မီးပုံးနှင့် ကလေးကစားစရာအရုပ်ပုံစံများ ချိုးပြုလုပ် နိုင်ရန် မှန်ရောင်စက္ကူတစ်ရွက်ကို ငွေကျပ် ၅၀၀ကျပ်နှုန်းနှင့် ဆီစိမ်အကြမ်းစက္ကူတစ်ရွက်ကို ငွေကျပ် ၂၀၀ နှုန်းဖြင့် ဝယ်ယူရ ကြောင်း၊ ယခင်နှစ်များတွင် တစ်နေ့လျှင် ငွေကျပ် တစ်သိန်းရရှိ သည်အထိ ရောင်းချနိုင်ခဲ့သော်လည်း ယခုနှစ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်းပိုမိုမြင့်တက်လာသည့်အတွက် တစ်နေ့လျှင် အများဆုံး ငွေကျပ်ခြောက်သောင်း အထိသာရောင်းရ ကြောင်း၊ စက်တင်ဘာလ ၂၀ရက်မှ စတင်ပြီး လာရောက်ရောင်းချကြောင်း အမှတ်(၁)ရပ်ကွက်မှ ပြုလုပ်ရောင်ချသူတစ်ဦးက ပြောပြသည်။

 

ကိုဗစ်-၁၉ရောဂါကူးစက်မှုနှုန်းပိုမိုမြင့်တက်လာမှုကြောင့် ယခုနှစ်တွင် နိုင်ငံတကာဈေးကွက်များမှပစ္စည်းများ ဝင်ရောက်မှု နည်းပါးလျက်ရှိပြီး ပခုက္ကူဒေသလုပ်လက်မှုပစ္စည်းများ ပိုမိုရောင်းချရကြောင်းသိရသည်။

 

ဆလိုင်းကိုကီး