အထက်မင်းလှ စက်တင်ဘာ ၂၇
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၁ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့မှ ၁၆ ရက်နေ့အထိ Community Positive Centre နှင့် Treatment Centre များတွင် ကိုဗစ်-၁၉ရောဂါ ကုသမှုခံယူခဲ့သည့် ထိခိုက်လွယ်အုပ်စုများအား ထောက်ပံ့ငွေပေးအပ်ပွဲကို စက်တင်ဘာလ ၂၇ ရက်နေ့နံနက် ၁၀နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခန်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးသန်းထွန်းအောင် က ထိခိုက်လွယ်အုပ်စုများအား ထောက်ပံ့ငွေပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် ထောက်ပံ့ငွေပေးအပ်ပွဲ ကိုကျင်းပရာ မင်းလှမြို့နယ်တွင် ၂၀၂၁ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့မှ ၁၆ ရက်နေ့ အထိ Community Positive Centre နှင့် Treatment Centre များတွင် ကိုဗစ်-၁၉ရောဂါ ကုသမှုခံယူခဲ့ကြသည့် ထိခိုက်လွယ် အုပ်စုများမှ အသက် ၆၀နှစ်အထက် ၄၈ ဦး၊ ကိုယ်ဝန်ဆောင်မိခင် ၁ ဦး၊ အသက် ၅နှစ်အောက် ၈ဦး၊ မသန်စွမ်း ၄ဦး၊ စုစုပေါင်း ၆၁ ဦးအား တစ်ဦးလျှင် ၃၀၀၀၀ကျပ် အား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ က ပြည်သူများလက်ဝယ် အရောက် ထောက်ပံ့ပေး အပ်ခဲ့ကြောင်းသိရသည်။
ဇာဇာ(အထက်မင်းလှ)