မြို့သစ် စက်တင်ဘာ ၂၇
မကွေးတိုင်းဒေသကြီး ၊ မြို့သစ်မြို့နယ်တွင် ဆဒ္ဒန် ဆည်နှင့်စွန်ဆည်ရေလှောင်တမံရေပိုလွှဲ မှ ရေကျော်ကျမှုသည် ယနေ့နံနက်ပိုင်းတွင် လျော့နည်းကျဆင်းလာပြီဖြစ်ကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေ အသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနက သိရသည်။
စွန်ဆည်ရေလှောင်တမံသည် ယမန်နေ့နံနက်ပိုင်းက ရေပြည့်အမှတ်ထက် (၁ ဒသမ ၈ ပေ ခန့် )ရေကျော်ကျမှုရှိရာမှ ယနေ့နံနက်ပိုင်းတွင် ( ၁ ဒသမ ၂ ပေခန့်)သာရှိသည့်အတွက် (သုည ဒသ မ ခြောက်ပေခန့် )လျော့နည်းကျဆင်းပြီး ဆဒ္ဒန်ဆည်ရေလှောင်တမံသည် ယမန်နေ့နံနက်ပိုင်းကရေ ပြည့်အမှတ်ထက် ( ၁ ဒသမ ၉ ပေခန့် )ရေကျော်ကျရာမှ ယနေ့နံနက်ပိုင်းတွင် ( ၁ ဒသမ ၁ ပေခန့်) သာရှိသည့်အတွက် ( သုည ဒသမ ရှစ်ပေခန့်)လျော့နည်းကျဆင်းလာကြောင်း သိရသည်။
ဆဒ္ဒန်ဆည်နှင့်စွန်ဆည်၏ ရေပိုလွှဲမှရေကျော်ကျမှုရှိသော်လည်း ဆည်များ၏ရေထုတ်ပြွန်၊ ရေပိုလွှဲနှင့်ဆက်စပ် အဆောက်အအုံ များ ကြံ့ခိုင်ကောင်းမွန်၍ (၂၄)နာရီရေကင်းတာဝန်ချထားပြီး ဆည်အနီးအနားရှိ ကျေးရွာနေ ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် အချိန်နှင့်တစ် ပြေးညီ အသိပေးနှိုးဆော်မှုများ ဆောင်ရွက်လျက် ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်ဇော်ထက်ထံက သိရသည်။